Tuesday, April 14, 2009

ပြတင်းပေါက်




ပြတင်းပေါက်ဆိုတာဟာ အဆောက်အဦးတခုမှာ အလင်းရောင် ကောင်းကောင်း ရဖို့ အတွက်၊ လေကောင်း လေသန့်ရဖို့အတွက်၊ အဲဒီအပြင် ပြင်ပက မြင်ကွင်းတွေကို အဆောက်အဦးထဲကနေ မြင်နိုင်ဖို့အတွက်၊ အဆောက်အဦးထဲက လူတွေနဲ့ အပြင်ဘက်ဝန်းကျင်က လူတွေကို ဆက်စပ်ပေးနိုင်ဖို့တွေအတွက် လိုအပ်ချက်တခုပဲ ဖြစ်ပါတယ်။ ဒီတော့ ပြတင်းပေါက်တွေဟာ လူသားတွေရဲ့ အသက်ရှင်သန်ရပ်တည်မှုနဲ့ လူမှုဝန်းကျင်ထဲ သာယာနေပျော်ဖို့တွေအတွက် အရေးပါလှပါတယ်။ ဒါကြောင့် အဲဒီ ပြတင်းပေါက်နဲ့ ပတ်သက်ပြီး ခံစားမှုတခုကို ပေးနိုင်တဲ့ ၀တ္ထုတိုလေးတပုဒ်ကို ဒီတပတ် ရသစာအုပ်စင် အတွက် ပြောပြချင်ပါတယ်။ မတ်လထုတ် မဟေသီ မဂ္ဂဇင်းထဲက စာရေးဆရာ နတ်မှူး ရဲ့ ပြတင်းပေါက် ဆိုတဲ့ ၀တ္ထုတိုလေးပါ။

ဝတ္ထုလေးက ဆရာဝန်လေးတယောက်နဲ့ အဲဒီ ဆရာဝန်လေးရဲ့ ဆေးခန်းမှာ အကူလုပ်ရင်း တဘက်က တက္ကသိုလ်တက်နေတဲ့ လူငယ်လေးတယောက်တို့ကြားက ချစ်ခင်မှုသံယောဇဉ်အပေါ် မူတည်ပြီး ဖွဲ့ထားတာပါ။ ၀တ္ထုလေးထဲမှာ စာရေးဆရာက ဆရာဝန်လေး နေရာကနေ ခံစားပြီး ရေးထားပါတယ်။ ဆရာဝန်လေးက ငယ်ငယ်လေးကတည်းက ပြတင်းပေါက်တွေကို စိတ်ဝင်စားတတ်ပါတယ်.. ဒါကို ၀တ္ထုတိုအဖွင့်ကတည်းက စာရေးဆရာက ပြောပြလိုက်ပါတယ်။

“ပြတင်းပေါက်တွေကို ကျနော်ငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့တယ်”

အဲဒီလို ပြတင်းပေါက်တွေကို ငယ်ငယ်ကတည်းက စိတ်ဝင်စားတဲ့ ဆရာဝန်လေးဟာ ပြတင်းပေါက်တွေနဲ့ ဆက်စပ်ပြီးတော့ ထောင်တွေမှာ ပြတင်းပေါက် မပါတာကို စိတ်ဝင်စားမိသလို ထောင်ဆိုတဲ့ အပေါ်လည်း ကလေးပီပီ ဝေဖန် စဉ်းစား တတ်ခဲ့ပါတယ်။ ဒါကို ဆရာဝန်လေး ငယ်ဘ၀ သူ့အဖေနဲ့ စကားပြောတဲ့ နေရာမှာ တွေ့ရပါတယ်။ ကလေးဘဝမှာ လူဆိုးတွေသာ ထောင်ကျတယ်လို့ မှတ်ထားရာက ဗိမ္မသာရ မင်းကြီးလို အဖြစ်အပျက်မျိုးကို အကြောင်းပြုပြီး သူတော်ကောင်းတွေလည်း တခါတလေမှာ ကံပါရင် ထောင် တန်း ကျတတ်တယ် ဆိုတာကို ကလေးအရွယ်မှာ ဆရာဝန်လေး သိခဲ့ရပါတယ်။ အဲသလိုနဲ့ ဆရာဝန်ဘ၀ ရောက်တော့ ပြတင်းပေါက်တွေကို စိတ်ဝင်စားတဲ့ သူက ဆေးပညာထဲမှာ ခန္ဓာဗေဒကို သင်ရတော့ လူ့ခန္ဓာကိုယ်မှာပါ ပြတင်းပေါက်တွေ ပါတာကို သိခဲ့ရပါတယ်။

ခန္ဓာဗေဒကို သင်ယူရင်းက လူမှာလည်း ပြတင်းပေါက်တွေ ပါတယ်ဆိုတာ သိခဲ့ရတယ်။ ဗုဒ္ဓ ဟောကြားခဲ့တဲ့ တရားတော်အတိုင်းပါပဲ။ မျက်စေ့ နား နှာခေါင်း လျှာ ကိုယ် စိတ်… ဒီခြောက်ခုက လူရဲ့ ပြတင်းပေါက်တွေပေါ့။ ဒီပြတင်းပေါက်တွေက အာရုံတွေ ၀င်ရောက်လာတာကို ခွင့်ပြုတယ်။ ပြတင်းတပေါက် ပိတ်သွားရင် သူနဲ့ သက်ဆိုင်တဲ့ အာရုံတွေ ၀င်မလာနိုင်တော့ဘူး။ ဒါဆို လူက ကောင်းကောင်းကြီး ဒုက္ခရောက်တော့ တယ်။ မျက်စေ့ကန်းသွားတော့ မျက်မမြင် ဒုက္ခိတဘ၀ ရောက်ရတဲ့ ပုံစံမျိုးပေါ့။
အဲဒီ ၀တ္ထုလေးထဲမှာ အလုပ်ရှင်နဲ့ ၀န်ထမ်းဆိုပေမဲ့ စိတ်ဓာတ်တူ စာဖတ်ဝါသနာ တူကြတာမို့ ညီအကိုတွေလို ခင်မင်ရင်းနှီးသွားကြတဲ့ ဆရာဝန်လေးနဲ့ ဆေးခန်းအကူ လူငယ်လေးရဲ့ မေတ္တာတရားဟာ ကြည်နူးစရာ ကောင်းလှပါတယ်။ လူငယ်လေးရဲ့ နာမည်က ကျော်စွာတဲ့။ ဒီဝတ္ထုလေးထဲမှာ အဓိကကတော့ စာရေးဆရာက လူငယ်လေး ကျော်စွာရဲ့ မွန်မြတ်တဲ့ စိတ်ထားကို ပြောပြသွားတာပါပဲ။ အဲဒီအချက်ကို ပေါ်လွင်ဖို့အတွက် စာရေးဆရာက သူ့ရဲ့ ၀တ္ထုဇာတ်လမ်းထဲမှာ ကျော်စွာ ပြောပြတယ်ဆိုတဲ့ နောက်ထပ် စိတ်ဝင်စားစရာ ဇာတ်လမ်းလေး တခုကို ထပ် ထည့် လိုက်ပါတယ်။ ဇာတ်လမ်းလေးရဲ့ နာမည်ကလည်း ပြတင်းပေါက်ပါပဲ။ အဲဒီ ပြတင်းပေါက် ဆိုတဲ့ ဇာတ်လမ်းလေးဟာ စာရေးဆရာ ဖေမြင့်ရဲ့ နှလုံးသားအာဟာရ ရသစာစုထဲက ဖြစ်ပြီးတော့ အဲဒီ စာစုလေးကို ဖတ်မိတဲ့ ကျော်စွာက သဘောကျတဲ့အတွက် ဆရာဝန်လေးကို ပြန်ပြောပြတာပါ။ ရသစာစု လေးရဲ့ အဓိက အကြောင်းအရာလေးကတော့ ဆေးရုံပေါ်က အရေးပေါ်ခန်း ထဲမှာ ရှိနေတဲ့ သေအံ့ဆဲဆဲ လူနာ နှစ်ယောက်ရဲ့အကြောင်းပါ။ အဲဒီ လူနာနှစ်ယောက်ရဲ့ စိတ်ဝင်စားစရာ နောက်ဆုံး အချိန်လေးတွေအပေါ် မူတည်ပြီး လူငယ်လေး ပြောတဲ့ စကားတွေနဲ့ စာရေးဆရာက လူငယ်လေး ကျော်စွာကို လောကအတွက် ပေးဆပ်သူသာ ဖြစ်ချင်တယ် ဆိုတဲ့ စိတ်ထား ရှိတဲ့ မွန်မြတ်မှုကို ဖော်ပြလိုက်ပါတယ်။ ဒါကြောင့် အဲဒီ ပြတင်းပေါက် ဆိုတဲ့ နှလုံးသား အဟာရထဲက ဇာတ်လမ်းတိုလေးကလည်း ဒီ ပြတင်းပေါက် ၀တ္ထုရဲ့ ဇာတ်ဆောင် တွေကို အားကောင်းအောင် ပံ့ပိုးပေးနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကို ကျော်စွာပြောတဲ့ စကားတွေ မှာ တွေ့ရပါ တယ်။

“လူကို အမျိုးအစားခွဲလိုက်ရင် ဒီဝတ္ထုထဲက ဇာတ်ကောင်နှစ်ယောက်လို လူ့လောက အတွက် ပေးဆပ်သူနဲ့ လိုချင်သူဆိုပြီး နှစ်မျိုးတွေ့ရမယ်။ ပေးဆပ်သူက အသက် အသေခံပြီး ပေးဆပ်သွားကြသလို၊ လိုချင်တဲ့လူက သေတွင်းနှုတ်ခမ်း နင်းတဲ့အထိ လိုချင်တုန်းပဲ”

“ပြတင်းပေါက်နားကလူလို ပေးဆပ်သူပဲ ဖြစ်ချင်တယ်။”
အဲဒီအခါ ဆရာဝန်လေးက ကျော်စွာ့ကို ချစ်စနိုးနဲ့ ပြတင်းပေါက်ကလေးလို့ နာမည်ပေးလိုက်ပါတယ်။ နောက်တော့ အလုပ်တာဝန်ကြောင့် ဆရာဝန်လေး နယ်ပြောင်းသွား ရတာမို့ အကူလူငယ်လေးနဲ့ ကွဲသွားပါ တယ်။ အဲဒီနောက်ပိုင်းမှာ ဆရာဝန်လေးက ပန်းချီရေးဖို့ စိတ်အားသန်လာပြီး ပန်းချီလောကကို စိတ်ဝင်စားလာ ပါတယ်။ အဲဒီကြားထဲမှာတော့ အကြောင်းတိုက်ဆိုင်တိုင်း လူငယ်လေး ကျော်စွာ့ကို သတိရမိတတ်ပါတယ်။ ဒါပေမဲ့ ဆရာဝန်လေးကတော့ ကျော်စွာ ဆိုတဲ့ ပြတင်းပေါက်ကလေးနဲ့ ပြန်မဆုံဖြစ်ကြတော့ပါဘူး။ ဒီလိုနဲ့ ဆရာဝန်လေးဟာ ပန်းချီကားတွေရေးနေရင်းနဲ့ ပန်းချီရေးဖို့ မြင်ကွင်းတွေ လိုက်ကြည့်ရင်းကနေ တချိန်မှာတော့ သူစိတ်ဝင်စားတတ်တဲ့ ပြတင်းပေါက်တွေနဲ့ ပတ်သက်ပြီး ပြတင်းပေါက်ပေါက်နားမှာ အမြဲလိုလို ထိုင်ပြီး အိမ်ရှေ့ လမ်းကလေးဆီ ငေးနေတတ်တဲ့ မိန်းမကြီးတယောက်ကို သတိထားမိသွားပါတယ်။ အဲဒီ အဖွားကြီးက လေဖြတ် နေတာဖြစ်ပြီး ထောင်ကျနေရှာတဲ့ သားရဲ့ ပြန်ရောက်အလာကို စောင့်မျှော် နေရှာတာပါတဲ့။ နောက်ဆုံးတော့ အဲဒီ မိန်းမကြီးရဲ့ နောက်ဆုံးချိန်မှာ ဆရာဝန်းလေးက ဆေးကုပေးဖို့အတွက် ရောက်သွားရပါတယ်.. ဒါပေမဲ့ မိန်းမကြီးရဲ့ အခြေအနေက မကောင်းတော့တာမို့ ဆုံးပါးသွားပါတယ်။ အဆုံးမှာတော့ စာရေးဆရာက အဲဒီ မိန်းမကြီး မျှော်နေတဲ့ သားဆိုတာက ဆရာဝန်လေးရဲ့ ပြတင်းပေါက်ကလေး ကျော်စွာ ဖြစ်နေပြီး ကျော်စွာဟာ ထောင်ထဲမှာပဲ အသည်းရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီဆိုတာကို အဲဒီအချိန်ကျမှပဲ သိလိုက်ရပါတယ်။

စာရေးဆရာ နတ်မှုးရဲ့ ဒီပြတင်းပေါက် ဝတ္ထုလေးနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က စာဖတ် ပရိတ်သတ် လူငယ်လေး တစ်ယောက် ဖြစ်တဲ့ ညီညီက သူ့အမြင်ကို အခုလို ပြောပြသွားပါတယ်။

“သူ့ဟာကို ဖတ်ရတဲ့ဟာက ဘယ်လိုဖြစ်လဲဆိုတော့ သူက ဟို… ကောင်းတာ လုပ်ပေမဲ့လည်း တခါတလေမှာ ဒုက္ခတွေနဲ့ ရင်ဆိုင်ရတယ်ပေါ့လေ… အဲဒါက ကျနော်တို့ ဘာနဲ့ တူလဲ ဆိုတော့ ကျနော်ကတော့ ဒီဟာကြီး အပေါ်မှာ စဉ်းစားမိတာပေါ့… ဟို… ကျနော်တို့က ဗမာလူမျိုး၊ ဗုဒ္ဓဘာသာ ဗမာလူမျိုး ဆိုတော့ ကျနော်တို့မှာ ကံ ကံရဲ့ အကျိုး ဆိုတာ ရှိတယ်။ အခု ပစ္စုပ္ပန်မှာ ကောင်းတာ လုပ်နေပေမဲ့ နောက်… အတိတ်က အကုသိုလ် ကံက လိုက်လာတယ်ဆို ဒါ ရောင်ပြန် ဟပ်တတ်တယ်ပေါ့။ ဒီ အတိတ်ကံက မကောင်းဘူးဆို ကျနော်တို့ ဒီဘက် မှာ ဘယ်လောက်ပဲ ကောင်းတာ ကြိုးစားကြိုးစား ကျနော်တို့မှာ တခါတလေ ကျတော့ ဒုက္ခရောက်တတ် တယ်။ ကျနော်ကတော့ ကံ ကံရဲ့ အကျိုးကို ယုံကြည်ပါတယ်။ ကောင်းတာ လုပ်တာဟာ အခုလောလော လတ်လတ်မှာ မကောင်းသွားပေမဲ့ တချိန်ချိန်မှာတော့ ဒီစေတနာက ရောင်ပြန် ဟပ်မှာပါ။”

No comments:

Post a Comment