Friday, August 7, 2009

အရိုး........ ဆိုသည်မှာ

Get this widget | Track details | eSnips Social DNA


(တောကျောင်းဆရာပြောတဲ့ အယူအဆတွေကို VOA ၀ိုင်းတော်သား ကိုရန်နိုင်က ၀င်ပြောပေးထားတာပါ။

Thursday, July 30, 2009

တာရာမင်းဝေ

တကယ်တော့ ခု post တင်ဖို့ လုပ်နေတဲ့ အချိန်ဟာ ဗမာပြည်မှာ အန်တီစုကို စီရင်ချက်ချဖို့ စောင့်နေတဲ့ အချိန်ပါ။ ကျမ မအိပ်နိုင်ပါဘူး။ မအိပ်နိုင်မယ့်အတူတူ...
++++
တကယ်တော့ ဇူလိုင် ၃၁ဆိုတာ ကျမတို့ ဗမာပြည်အတွက် ကြယ်တွေ အများဆုံး ကြွေတဲ့ သြဂုတ်လကို ရောက်ရတော့မယ့် ရက်။
သြဂုတ်လရဲ့ ၅ရက်နေ့မှာ တာရာမင်းဝေဆိုတဲ့ ကြယ်တပွင့်.. ကြွေတယ်..။
သြဂုတ်လရဲ့ ၁၄ရက်နေ့မှာ ထူးအိမ်သင် ဆိုတဲ့ ကြယ်တပွင့် ကြွေတယ်..။
သြဂုတ်လရဲ့ ၁၅ရက်နေ့မှာ မင်းသုဝဏ်ဆိုတဲ့ မဟာကြယ်တပွင့် ကြွေတယ်..။
အဲဒီသြဂုတ်လထဲမှာ.. ရှစ်လေးလုံးအထိမ်းအမှတ်လို့ တွင်ရတဲ့ ကြယ်တွေ ကြွေတယ်..။
နက်ဖန်..အဲဒီ သြဂုတ်အကြို ဇူလိုင် ၃၁မှာ .. ကျမ အလင်းရောင်နိမိတ်တွေကိုပဲ မှတ်တမ်းတင်ချင်ပါတယ်။
+++++

ဘာပဲဖြစ်ဖြစ်.. အိပ်မရတဲ့အတူတူ.. ဒီညမှာ ကျမတို့နိုင်ငံ ဒေါင်းအလံကို ပန်းလို ပန်လို့ လှဖို့ နိမိတ်အနေနဲ့..
စာရေးဆရာ တာရာမင်းဝေ ကွယ်လွန်ခြင်း ၂နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ VOA ကနေ ကျမ စီစဉ် အသံလွှင့်ခဲ့တာလေးကို တင်ပေးချင်ပါတယ်။ အဲဒီအစီအစဉ်လုပ်ချိန်မှာ ကျမစိတ်ထဲ အင်အားတွေ ပူးဝင်နေသလို ခံစားနေခဲ့ရတာလည်း ထူးဆန်းပါတယ်။
ဒါကြောင့် ကျမစိတ်ထင် ကျမအသံတောင် မာနေတယ် ထင်ပါရဲ့။ အဲဒီနေ့က ကျမကို ကဗျာကူရွတ်ပေးတဲ့ ကိုသားညွန့်ဦး ကလည်း အကြိမ်ကြိမ် ကဗျာရွတ်ပေးခဲ့ဖူးသမျှ ခုတကြိမ်ဟာ အပီပြင်ဆုံးပါ။ အဲသလိုပဲ ကျမ အပူကပ်လို့ ကဗျာကူရွတ်ပေးတဲ့ ကဗျာဆရာ နှင်းခါးမိုးကလည်း မအားတဲ့ ကြားက တကူးတက လုပ်ပေးရ.. ပြီးတော့ တကယ့် ခံစားချက်အပြည့်နဲ့။ တိုက်တိုက်ဆိုင်ဆိုင် သူတို့ နှစ်ယောက်စလုံးကလည်း နိုင်ငံရေးအမှုနဲ့ပဲ တာရာမင်းဝေနဲ့ အတူ ထောင်ထဲမှာ နေခဲ့ရဖူးသူတွေ...။

ဒီ Piece လေးကို လုပ်တာမှာ အချွတ်အချော်လေးတချို့ရှိနေပေမဲ့ ကိုရွှေဘုန်းအတွက် အဲလို လုပ်ပေးလိုက်ရတာကို ကျမ ကျေနပ်ပါတယ်။ တခုခုများ လိုနေခဲ့တယ်ဆိုရင်.. အဲဒါဟာ ကျမရဲ့ ချို့ယွင်းချက်သာဖြစ်ပါတယ်..။
+++++

Get this widget | Track details | eSnips Social DNA


ကျောင်းသားအတ္ထုပ္ပတ္တိ
(၁)
မင်းရဲ့ ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ်

အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံ ငါတို့ဆုတောင်း
မင်း.. ကောင်းရာသုဂတိလားပါစေ..လို့
ငါတို့ရဲ့
သွေးတစ်စက်ကို ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ရင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ..မို..က..ရေ..စီ..
ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ်
ညီလေးရယ်
ရနိုင်မယ်ဆိုယင်
မင်းရဲ့အရိုးတစ်မှုံကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားရှင်ကို ပြကြည့်ချင်တယ်..
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်
မင်းဟာ အာဇာနည်လေးဖြစ်တယ်
မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။

(၂)
ရေငတ်သလို.. ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး”ဟာ
အကျဉ်းထောင်ထဲမှာ
သင်္ချိုင်းမြေမှာ
တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ.. ရှိနေတယ်..
မင်း.. စွန့်ခွာခဲ့တဲ့
စာသင်ကျောင်းကလေး
မင်းသတင်းတွေ မေးနေပြီ
မင်းရဲ့ စာအုပ်ဟောင်းထဲမှာ
ဆရာမရဲ့ မှတ်ချက်...
မင်းအတွက်...
“နောက်ထပ်စာအုပ်အသစ်လဲပါ” တဲ့
စာအုပ် မလုံလောက်မှု
ဖောင်တိန် မလုံလောက်မှု
မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု.. စတဲ့
လူမှုကိစ္စအ၀၀
မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်…
တိုက်ပွဲမှာ
ချွန်မြစွာ တောင်းဆိုနိုင်ဖို့
ခေါင်းလောင်းအိုကြီးကို နှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ..
ခွပ်ဒေါင်းရဲ့
တစ်ကြောင်းစာချွန်
သမိုင်းစဉ်ကို ထမ်း
ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့..
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ... ။

(၃)
ရွှေဘုန်းရောင်လက်ဝင်းတဲ့
နှင်းပြာပြာမနက်ဦးများမှာ
ဒို့ ကမ္ဘာကို
ပြန်လာဦးမှာလား.. ဟင်...
“အမျိုး ဘာသာ သာသနာအတွက်
သား .. နှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းထားခဲ့တဲ့ စာတိုကလေး
မင်းတို့ အိမ်ကို ပေးလိုက်ပြီ
ယိုင်ယဲ့ ကျဉ်းမြောင်းနေတဲ့
မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားတယ်..
မင်းရဲ့ မေမေဟာ
အခန်းထောင့်မှာ
ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတစ်ခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် “လု” နေရှာတော့မယ်။

“ကောင်းမွန်စွာ
သင်္ဂြိုဟ်ပြီးစီးပါကြောင်း” .. တဲ့
အလောင်းကိုမှ
မမြင်ရ မတွေ့ရ
ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်...
ဒေါင်းရုပ်ကလေးလိုပဲ
မင်းရဲ့ အတ္ထုပ္ပတ္တိဟာ
အတောင်ပံပါတယ်
တိုက်ပွဲဝင်တယ်
နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာဘ၀အဆက်ဆက်မှာ
မင်း.. မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါလိမ့်မယ် ... ။

(၄)
အိမ်ထရံမှာ
တခါတခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ လွယ်အိတ်ကလေး
ခေတ်ဘေးခေတ်ဒဏ် သင့်နေရှာတယ်..
“ခေတ်လွတ်လပ်မှ
ကျောင်းသားလွတ်လပ်မယ်”
အရွယ်နဲ့ မလိုက်အောင်တွေး
“ကျောင်းသားအရေး”ဆိုတာ
မင်းမှာ မရှိခဲ့ပါဘူး
“ဘုရားခေတ်မှာဆိုယင်
ရဟန္တာဖြစ်တဲ့အထိ လိမ္မာမယ်”
ဒါပေမဲ့ ...
“အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်”
ညီလေးရယ် မင်းသိပ်မှန်တယ်..

ခံယူချက်ကို
အမြောက်ဆံလို ပစ်ဖောက်
အဝေးဆုံး အမြင့်ဆုံး
ဘ၀တဆုံး မင်းရောက်ခဲ့တယ်..
စစ်မောင်းသံကြားရင်
ခွာတရှပ်ရှပ်ဖြစ်ချင်တဲ့
ခေတ်ရဲ့ စစ်မြင်းကလေးလို မင်းဟာ
ရာဇ၀င်ကို ထိုးခွဲ
တိုက်ပွဲကို ဒုန်းဖောက်
မီးတောက်ဆူးခြစ်
ခေတ်သစ်ပူဇော်
တော်လှန်တဲ့ ညီလေးရေ
ခွပ်ဒေါင်းအပေါင်းရဲ့
ကောင်းချီးသြဘာသံဝေ
မင်းရောက်ရာအရပ်က ကြားပါစေ...

(၅)
ညီလေးရေ
ရာဇ၀င်ရေးရာ စာအုပ်ပိတ်
တော်လှန်ရေးမှာ “အိပ်”တော့နော်
စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတစ်လုံး
တလောကလုံး လင်းစေအားကွယ်..
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်းကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့ .. အောင်မြင်မှာပါ
ဗမာပြည်အတွက်
လိုအပ်တဲ့
“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ”
အရှေ့ဘက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ
စစ်မြင်းတွေ ပြိုင်လာပြီ
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ..
ညီလေးရယ်
ငြိမ်းချမ်းစွာ
အေးမြစွာ
ရှင်းသန့်စွာ
နောက်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့တလူလူကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလို ပန်လို့ လှလို့..
သြော်..
ဒေါင်းအလံကို ပန်းလို ပန်လို့
လှလို့ပါပဲ .. ညီလေးရယ်.... ။ ။

ရွှေဘုန်းလူ

Friday, June 26, 2009

စာရေးဆရာ မောင်သော်က အမှတ်တရ

Get this widget | Track details | eSnips Social DNA



ဒီဆောင်းပါးထဲမှာ ပါတဲ့ 'အနှစ်၂၀လားဟေ့..' ဆိုတဲ့ ကဗျာက ဆရာမောင်သော်က ရေးတာမဟုတ်ဘူး... ဆရာ့လိုပဲ နိုင်ငံရေးကြောင့် နှစ်ရှည်ထောင်ကျခဲ့ပြီး၊ ထောင်ထဲက ဒဏ်တွေကြောင့် ခုချိန်မှာ ဘာမှ မသိတော့လောက်အောင် စိတ်တွေ ဦးနှောက်တွေ ထိခိုက်သွားခဲ့တဲ့ မန္တလေးက ကဗျာဆရာမ "မစိမ်းပင်"ရေးခဲ့တာလို့ အသေအချာ သိတဲ့ စာရေးဆရာမ တယောက်(သူလည်း နိုင်ငံရေးမှုနဲ့ ထောင်ကျခဲ့သူပါ)က ကျမကို လှမ်းပြီး အသိပေးပါတယ်။ အန်တီစုကိုယ်တိုင် အမှတ်မှားခဲ့တယ်လို့ သိရပါတယ်။

Sunday, April 19, 2009

နှင်းဆီတင် ရထား


မြန်မာနိုင်ငံမှာက လမ်းပမ်းဆက်သွယ်ရေး မကောင်းတာတွေ၊ အရှည်အကြာဖြစ်နေတဲ့ ပြည်တွင်းစစ်တွေကြောင့် ကိုယ့်တိုင်းရင်းသွေးချင်းတွေအချင်းချင်း ဆက်သွယ်ဖို့ ရင်းနှီးဖို့တွေမှာ ခက်ခဲနေကြရပါတယ်။ အဲဒီအခါ အချင်းချင်းကြား နားလည်မှုလွဲတာ စိတ်ဝမ်းကွဲတာတွေ ဖြစ်စေတဲ့အပြင် ကိုယ့်တိုင်းပြည်ရဲ့ တောတောင် ရေမြေသဘာဝ အလှအပကိုတောင်မှ သေချာ မသိကြ မမြင်ကြ ဖြစ်နေကြတာပါ။ အဲဒီလို အလှမ်းဝေးနေတဲ့ ကိုယ့်သွေးချင်းတွေရဲ့ တန်ဖိုးရှိတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ.. ချစ်စရာကောင်းတဲ့ စိတ်နေသဘာဝတွေနဲ့ လူနေမှုဘ၀အခြေအနေတွေကို သိရှိခံစားသွားရစေတဲ့ လုံးချင်းဝတ္ထုတပုဒ်ကို ဒီတပတ် ရသစာအုပ်စင်မှာ ပြောပြချင်ပါတယ်။

အဲဒီဝတ္ထုလေးကတော့ ရသအိမ်စာအုပ်တိုက်က ၂၀၀၉ခုနှစ် ဇန်န၀ါရီလမှာ ထုတ်ဝေခဲ့တဲ့ စာရေးဆရာ ကဗျာဆရာမ မအိရဲ့ နှင်းဆီတင်ရထား ဆိုတဲ့ ၀တ္ထုလေးပါ။ စာအုပ်မျက်နှာဖုံးလေးကအစ ရသမြောက်တဲ့ အဲဒီဝတ္ထုလေးမှာ စာရေးဆရာက သူ့ဝတ္ထုရဲ့ ပြောလိုရင်းလေးကို စာအုပ်နောက်ကျောဖုံးမှာ ကဗျာလေးနဲ့ ဖော်ပြထားပါတယ်။

ဝတ္ထုလေးရဲ့ ဇာတ်လမ်းကတော့ မြန်မာနိုင်ငံအောက်ပိုင်းက ရန်ကုန်တက္ကသိုလ်ဘွဲ့ရ အမျိုးသမီးလေး တယောက် က သူ့ရဲ့ ကိုယ်ရေး ကိုယ်တာပြဿနာကြောင့် ရန်ကုန်ကနေ မြန်မာပြည်မြောက်ပိုင်းစွန်းဆီ ထွက်ခဲ့ပြီး ဆွဲခန့် ဆရာမလေး လုပ်ရင်း သူ့ဘ၀အလှည့်အပြောင်းတွေကို ရင်ဆိုင်သွားတဲ့ အကြောင်းလေးတွေပါပဲ။ အဲဒီ ဇာတ်ကြောင်းထဲ မှာမှ မြန်မာပြည်မှာ တော်ရုံလူ မသိနိုင်တဲ့ လီဆူးတိုင်းရင်းသားတွေအကြောင်းကို ဇာတ်လမ်းနဲ့ အံဝင်ခွင်ကျ ထည့်ထားတာပါ။ ၀တ္ထုရဲ့ အဓိကဇာတ်ကြောင်းက တင်မွန်ရည်ဆိုတဲ့ အဓိက ဇာတ်ဆောင် အမျိုးသမီးလေးရဲ့ နှလုံးသားရေးပြဿနာဆိုပေမဲ့ တင်မွန်ရည်ရောက်သွားရတဲ့ တရုတ် ပြည်ထဲက ကန့်ဖန်ဆိုတဲ့ လီဆူးရွာလေးရဲ့မြင်ကွင်းတွေ.. သမိုင်းကြောင်းတွေနဲ့ အဲဒီရွာခံတွေရဲ့ အစဉ်အလာ အယူအဆတွေ ဓလေ့ထုံးတမ်းတွေကိုပါ သိရ မြင်ရတာက ဆွဲဆောင်မှု ရှိလှပါတယ်။

အဓိကကတော့ ဒီဝတ္ထုလေးမှာ ရေးပြထားသမျှက စိတ်ဝင်စားစရာ အကြောင်းအရာသစ် နောက်ခံ ၀န်းကျင်သစ်တွေ ဖြစ်တဲ့အပြင် စကားပြေအတင်အပြကလည်း ကဗျာဆန်ဆန် နူးညံ့လှပနေတာမို့လို့ စာရေးဆရာ ပြောချင် တာကို စာဖတ်သူက သိမ်သိမ်မွေ့မွေ့ လေး လက်ခံရရှိသွားတယ်လို့ ဆိုရပါမယ်။ ၀တ္ထုထဲက လီဆူးလူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေ ဘ၀တွေနဲ့ ဝေးလံခေါင်ဖျားဒေသက ကျောင်းဆရာတွေရဲ့ ဘ၀တွေကို ဆက်စပ်ပြထားတာ ကလည်း စိတ်ဝင်စားစရာပါ။ ၀တ္ထုထဲမှာပါတဲ့ ဇာတ်ဆောင်တွေနဲ့ ၀န်းကျင်ဖွဲ့ တွေက သဘာဝကျကျနဲ့ ပီပြင် ပေါ်လွင်တာမို့လို့လည်း ၀တ္ထုကပေးတဲ့ ဆွတ်ပျံ့လွမ်းမောစရာ ရသကို ခံစားရစေတာမှာ ထိထိမိမိ ရှိလှပါတယ်။

စာရေးဆရာမ မအိက ကဗျာဆရာပီပီ ၀တ္ထုလေးထဲမှာ ဇာတ်ကွက်တွေကို ကဗျာတွေနဲ့ လိုအပ်သလို ချိတ်ဆက် ဖော်ပြတာမို့ စကားပြေကို ကဗျာရဲ့အလှနဲ့ ပံ့ပိုးပေးသလို ရှိပြီး နှင်းဆီတင်ရထား ၀တ္ထုရဲ့ ရ၀အလှက ပိုပြီး ပေါ်လွင်သွားတာပါ။ ဥပမာ ပြောပြ ရရင်.. ၀တ္ထုထဲက အရံဇာတ်ဆောင်တယောက်ဖြစ်တဲ့ ကျောင်းဆရာလေး ကိုအောင်မော်ရဲ့ ဝေးလံခေါင်ဖျားဒေသမှာ ကျောင်းဆရာလုပ်နေတဲ့ မွန်မြတ်မှုကို ဖော်ပြရင်း ကိုအောင်မော် ဟာလည်း ကဗျာတွေရေးတဲ့ စာဖတ်နာတဲ့ သူဖြစ်တာမို့ ကိုအောင်မော်ရေးတဲ့ ကဗျာလေးဆိုပြီး စာရေးဆရာက ကဗျာလေးတပုဒ် ထည့်လိုက်ပါတယ်။ အဲဒီကဗျာလေးက တော်ရုံလူတွေ လုပ်နိုင်ဖို့ မလွယ်တဲ့ ဝေးလံခေါင်ဖျား ဒေသမှာ ကျောင်းသားတွေအတွက် ဘ၀ကို ပုံပေးထားတဲ့ ကျောင်းဆရာတယောက်ရဲ့ ခံစားချက်နဲ့ ခံယူချက်တွေ ကို ဖော်ပြနိုင်တဲ့ ကဗျာလေးပါ။

စာရေးဆရာ မအိရဲ့ နှင်းဆီတင်ရထား ၀တ္ထုဟာ တကယ်ပဲ နှင်းဆီရနံ့မွှေးပျံ့နေတဲ့ ရထားတစင်းလို ၀တ္ထုအစ ကနေ အဆုံးထိ စာဖတ်ပရိသတ်ကို ငြိမ့်ငြိမ့်ညောာင်းညောာင်းနဲ့ ခေါ်ဆောင်သွားနိုင်တဲ့ ရသ စာအုပ်ကောင်း တအုပ်ပါ။ အဲဒီဝတ္ထုလေးကို ဖတ်ထားတဲ့ ရန်ကုန်မြို့က မဥမ္မာကတော့ နှင်းဆီတင်ရထားဝတ္ထုနဲ့ ပတ်သက်ပြီး သူ့ခံစားချက်ကို ခုလိုပြောပြပါတယ်ရှင်..။

ဒီဝတ္ထုလေးဟာ အခု ခေတ်ရဲ့ မြင်တွေ့နေကျထဲက လုံးဝ ခွဲထွက်သွားတဲ့ ဝတ္ထုလေး တစ်ပုဒ် ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ ကျောရိုးကတော့ ခပ်ပါးပါးပဲ ရှိပေမဲ့ မိန်းမ တစ်ယောက်ရဲ့ မာန၊ ကတိ၊ ဂုဏ်သိက္ခာ၊ တာဝန် သိတတ် မှု တွေကို အထင်းသား တွေ့နိုင်ပါတယ်။ မိန်းမတွေဟာ ဘယ်လောက်ပဲ ခေါင်းမာတယ်၊ စိတ်ဓါတ် ကြံ့ခိုင်ပါတယ်ပဲ ပြောပြော အငုံ့စိတ်မှာတော့ အားငယ် မှီတွယ်ချင်စိတ် ရှိနေတတ်တာတွေနဲ့ ချစ်ခြင်း မေတ္တာနဲ့ ပတ်သက်တဲ့ ရူးသွပ်တတ်မှုကိုလည်း အမိအရ တွေ့နိုင်ပါ တယ်။ စိတ်နောက်ကိုယ်ပါ လုပ်တတ်ခြင်းရဲ့ နောက်မှာ ပြန်မရနိုင်တဲ့ အကျိုးဆက်တွေရှိတယ် ဆိုတာကိုလည်း သင်ခန်းစာ ယူနိုင်ပါတယ်။ အလှပဆုံးက တော့ စိတ်သွားတဲ့အတိုင်း လွင့်မျောနေအောင် ရေးတတ်တဲ့ ဆရာမကြီးရဲ့ ရေးဟန်တွေနဲ့ ကဗျာလေးတွေပါပဲ။

မေငြိမ်း
၈၊ ၄၊ ၀၉။

Tuesday, April 14, 2009

ပြတင်းပေါက်




ပြတင်းပေါက်ဆိုတာဟာ အဆောက်အဦးတခုမှာ အလင်းရောင် ကောင်းကောင်း ရဖို့ အတွက်၊ လေကောင်း လေသန့်ရဖို့အတွက်၊ အဲဒီအပြင် ပြင်ပက မြင်ကွင်းတွေကို အဆောက်အဦးထဲကနေ မြင်နိုင်ဖို့အတွက်၊ အဆောက်အဦးထဲက လူတွေနဲ့ အပြင်ဘက်ဝန်းကျင်က လူတွေကို ဆက်စပ်ပေးနိုင်ဖို့တွေအတွက် လိုအပ်ချက်တခုပဲ ဖြစ်ပါတယ်။ ဒီတော့ ပြတင်းပေါက်တွေဟာ လူသားတွေရဲ့ အသက်ရှင်သန်ရပ်တည်မှုနဲ့ လူမှုဝန်းကျင်ထဲ သာယာနေပျော်ဖို့တွေအတွက် အရေးပါလှပါတယ်။ ဒါကြောင့် အဲဒီ ပြတင်းပေါက်နဲ့ ပတ်သက်ပြီး ခံစားမှုတခုကို ပေးနိုင်တဲ့ ၀တ္ထုတိုလေးတပုဒ်ကို ဒီတပတ် ရသစာအုပ်စင် အတွက် ပြောပြချင်ပါတယ်။ မတ်လထုတ် မဟေသီ မဂ္ဂဇင်းထဲက စာရေးဆရာ နတ်မှူး ရဲ့ ပြတင်းပေါက် ဆိုတဲ့ ၀တ္ထုတိုလေးပါ။

ဝတ္ထုလေးက ဆရာဝန်လေးတယောက်နဲ့ အဲဒီ ဆရာဝန်လေးရဲ့ ဆေးခန်းမှာ အကူလုပ်ရင်း တဘက်က တက္ကသိုလ်တက်နေတဲ့ လူငယ်လေးတယောက်တို့ကြားက ချစ်ခင်မှုသံယောဇဉ်အပေါ် မူတည်ပြီး ဖွဲ့ထားတာပါ။ ၀တ္ထုလေးထဲမှာ စာရေးဆရာက ဆရာဝန်လေး နေရာကနေ ခံစားပြီး ရေးထားပါတယ်။ ဆရာဝန်လေးက ငယ်ငယ်လေးကတည်းက ပြတင်းပေါက်တွေကို စိတ်ဝင်စားတတ်ပါတယ်.. ဒါကို ၀တ္ထုတိုအဖွင့်ကတည်းက စာရေးဆရာက ပြောပြလိုက်ပါတယ်။

“ပြတင်းပေါက်တွေကို ကျနော်ငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့တယ်”

အဲဒီလို ပြတင်းပေါက်တွေကို ငယ်ငယ်ကတည်းက စိတ်ဝင်စားတဲ့ ဆရာဝန်လေးဟာ ပြတင်းပေါက်တွေနဲ့ ဆက်စပ်ပြီးတော့ ထောင်တွေမှာ ပြတင်းပေါက် မပါတာကို စိတ်ဝင်စားမိသလို ထောင်ဆိုတဲ့ အပေါ်လည်း ကလေးပီပီ ဝေဖန် စဉ်းစား တတ်ခဲ့ပါတယ်။ ဒါကို ဆရာဝန်လေး ငယ်ဘ၀ သူ့အဖေနဲ့ စကားပြောတဲ့ နေရာမှာ တွေ့ရပါတယ်။ ကလေးဘဝမှာ လူဆိုးတွေသာ ထောင်ကျတယ်လို့ မှတ်ထားရာက ဗိမ္မသာရ မင်းကြီးလို အဖြစ်အပျက်မျိုးကို အကြောင်းပြုပြီး သူတော်ကောင်းတွေလည်း တခါတလေမှာ ကံပါရင် ထောင် တန်း ကျတတ်တယ် ဆိုတာကို ကလေးအရွယ်မှာ ဆရာဝန်လေး သိခဲ့ရပါတယ်။ အဲသလိုနဲ့ ဆရာဝန်ဘ၀ ရောက်တော့ ပြတင်းပေါက်တွေကို စိတ်ဝင်စားတဲ့ သူက ဆေးပညာထဲမှာ ခန္ဓာဗေဒကို သင်ရတော့ လူ့ခန္ဓာကိုယ်မှာပါ ပြတင်းပေါက်တွေ ပါတာကို သိခဲ့ရပါတယ်။

ခန္ဓာဗေဒကို သင်ယူရင်းက လူမှာလည်း ပြတင်းပေါက်တွေ ပါတယ်ဆိုတာ သိခဲ့ရတယ်။ ဗုဒ္ဓ ဟောကြားခဲ့တဲ့ တရားတော်အတိုင်းပါပဲ။ မျက်စေ့ နား နှာခေါင်း လျှာ ကိုယ် စိတ်… ဒီခြောက်ခုက လူရဲ့ ပြတင်းပေါက်တွေပေါ့။ ဒီပြတင်းပေါက်တွေက အာရုံတွေ ၀င်ရောက်လာတာကို ခွင့်ပြုတယ်။ ပြတင်းတပေါက် ပိတ်သွားရင် သူနဲ့ သက်ဆိုင်တဲ့ အာရုံတွေ ၀င်မလာနိုင်တော့ဘူး။ ဒါဆို လူက ကောင်းကောင်းကြီး ဒုက္ခရောက်တော့ တယ်။ မျက်စေ့ကန်းသွားတော့ မျက်မမြင် ဒုက္ခိတဘ၀ ရောက်ရတဲ့ ပုံစံမျိုးပေါ့။
အဲဒီ ၀တ္ထုလေးထဲမှာ အလုပ်ရှင်နဲ့ ၀န်ထမ်းဆိုပေမဲ့ စိတ်ဓာတ်တူ စာဖတ်ဝါသနာ တူကြတာမို့ ညီအကိုတွေလို ခင်မင်ရင်းနှီးသွားကြတဲ့ ဆရာဝန်လေးနဲ့ ဆေးခန်းအကူ လူငယ်လေးရဲ့ မေတ္တာတရားဟာ ကြည်နူးစရာ ကောင်းလှပါတယ်။ လူငယ်လေးရဲ့ နာမည်က ကျော်စွာတဲ့။ ဒီဝတ္ထုလေးထဲမှာ အဓိကကတော့ စာရေးဆရာက လူငယ်လေး ကျော်စွာရဲ့ မွန်မြတ်တဲ့ စိတ်ထားကို ပြောပြသွားတာပါပဲ။ အဲဒီအချက်ကို ပေါ်လွင်ဖို့အတွက် စာရေးဆရာက သူ့ရဲ့ ၀တ္ထုဇာတ်လမ်းထဲမှာ ကျော်စွာ ပြောပြတယ်ဆိုတဲ့ နောက်ထပ် စိတ်ဝင်စားစရာ ဇာတ်လမ်းလေး တခုကို ထပ် ထည့် လိုက်ပါတယ်။ ဇာတ်လမ်းလေးရဲ့ နာမည်ကလည်း ပြတင်းပေါက်ပါပဲ။ အဲဒီ ပြတင်းပေါက် ဆိုတဲ့ ဇာတ်လမ်းလေးဟာ စာရေးဆရာ ဖေမြင့်ရဲ့ နှလုံးသားအာဟာရ ရသစာစုထဲက ဖြစ်ပြီးတော့ အဲဒီ စာစုလေးကို ဖတ်မိတဲ့ ကျော်စွာက သဘောကျတဲ့အတွက် ဆရာဝန်လေးကို ပြန်ပြောပြတာပါ။ ရသစာစု လေးရဲ့ အဓိက အကြောင်းအရာလေးကတော့ ဆေးရုံပေါ်က အရေးပေါ်ခန်း ထဲမှာ ရှိနေတဲ့ သေအံ့ဆဲဆဲ လူနာ နှစ်ယောက်ရဲ့အကြောင်းပါ။ အဲဒီ လူနာနှစ်ယောက်ရဲ့ စိတ်ဝင်စားစရာ နောက်ဆုံး အချိန်လေးတွေအပေါ် မူတည်ပြီး လူငယ်လေး ပြောတဲ့ စကားတွေနဲ့ စာရေးဆရာက လူငယ်လေး ကျော်စွာကို လောကအတွက် ပေးဆပ်သူသာ ဖြစ်ချင်တယ် ဆိုတဲ့ စိတ်ထား ရှိတဲ့ မွန်မြတ်မှုကို ဖော်ပြလိုက်ပါတယ်။ ဒါကြောင့် အဲဒီ ပြတင်းပေါက် ဆိုတဲ့ နှလုံးသား အဟာရထဲက ဇာတ်လမ်းတိုလေးကလည်း ဒီ ပြတင်းပေါက် ၀တ္ထုရဲ့ ဇာတ်ဆောင် တွေကို အားကောင်းအောင် ပံ့ပိုးပေးနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကို ကျော်စွာပြောတဲ့ စကားတွေ မှာ တွေ့ရပါ တယ်။

“လူကို အမျိုးအစားခွဲလိုက်ရင် ဒီဝတ္ထုထဲက ဇာတ်ကောင်နှစ်ယောက်လို လူ့လောက အတွက် ပေးဆပ်သူနဲ့ လိုချင်သူဆိုပြီး နှစ်မျိုးတွေ့ရမယ်။ ပေးဆပ်သူက အသက် အသေခံပြီး ပေးဆပ်သွားကြသလို၊ လိုချင်တဲ့လူက သေတွင်းနှုတ်ခမ်း နင်းတဲ့အထိ လိုချင်တုန်းပဲ”

“ပြတင်းပေါက်နားကလူလို ပေးဆပ်သူပဲ ဖြစ်ချင်တယ်။”
အဲဒီအခါ ဆရာဝန်လေးက ကျော်စွာ့ကို ချစ်စနိုးနဲ့ ပြတင်းပေါက်ကလေးလို့ နာမည်ပေးလိုက်ပါတယ်။ နောက်တော့ အလုပ်တာဝန်ကြောင့် ဆရာဝန်လေး နယ်ပြောင်းသွား ရတာမို့ အကူလူငယ်လေးနဲ့ ကွဲသွားပါ တယ်။ အဲဒီနောက်ပိုင်းမှာ ဆရာဝန်လေးက ပန်းချီရေးဖို့ စိတ်အားသန်လာပြီး ပန်းချီလောကကို စိတ်ဝင်စားလာ ပါတယ်။ အဲဒီကြားထဲမှာတော့ အကြောင်းတိုက်ဆိုင်တိုင်း လူငယ်လေး ကျော်စွာ့ကို သတိရမိတတ်ပါတယ်။ ဒါပေမဲ့ ဆရာဝန်လေးကတော့ ကျော်စွာ ဆိုတဲ့ ပြတင်းပေါက်ကလေးနဲ့ ပြန်မဆုံဖြစ်ကြတော့ပါဘူး။ ဒီလိုနဲ့ ဆရာဝန်လေးဟာ ပန်းချီကားတွေရေးနေရင်းနဲ့ ပန်းချီရေးဖို့ မြင်ကွင်းတွေ လိုက်ကြည့်ရင်းကနေ တချိန်မှာတော့ သူစိတ်ဝင်စားတတ်တဲ့ ပြတင်းပေါက်တွေနဲ့ ပတ်သက်ပြီး ပြတင်းပေါက်ပေါက်နားမှာ အမြဲလိုလို ထိုင်ပြီး အိမ်ရှေ့ လမ်းကလေးဆီ ငေးနေတတ်တဲ့ မိန်းမကြီးတယောက်ကို သတိထားမိသွားပါတယ်။ အဲဒီ အဖွားကြီးက လေဖြတ် နေတာဖြစ်ပြီး ထောင်ကျနေရှာတဲ့ သားရဲ့ ပြန်ရောက်အလာကို စောင့်မျှော် နေရှာတာပါတဲ့။ နောက်ဆုံးတော့ အဲဒီ မိန်းမကြီးရဲ့ နောက်ဆုံးချိန်မှာ ဆရာဝန်းလေးက ဆေးကုပေးဖို့အတွက် ရောက်သွားရပါတယ်.. ဒါပေမဲ့ မိန်းမကြီးရဲ့ အခြေအနေက မကောင်းတော့တာမို့ ဆုံးပါးသွားပါတယ်။ အဆုံးမှာတော့ စာရေးဆရာက အဲဒီ မိန်းမကြီး မျှော်နေတဲ့ သားဆိုတာက ဆရာဝန်လေးရဲ့ ပြတင်းပေါက်ကလေး ကျော်စွာ ဖြစ်နေပြီး ကျော်စွာဟာ ထောင်ထဲမှာပဲ အသည်းရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီဆိုတာကို အဲဒီအချိန်ကျမှပဲ သိလိုက်ရပါတယ်။

စာရေးဆရာ နတ်မှုးရဲ့ ဒီပြတင်းပေါက် ဝတ္ထုလေးနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က စာဖတ် ပရိတ်သတ် လူငယ်လေး တစ်ယောက် ဖြစ်တဲ့ ညီညီက သူ့အမြင်ကို အခုလို ပြောပြသွားပါတယ်။

“သူ့ဟာကို ဖတ်ရတဲ့ဟာက ဘယ်လိုဖြစ်လဲဆိုတော့ သူက ဟို… ကောင်းတာ လုပ်ပေမဲ့လည်း တခါတလေမှာ ဒုက္ခတွေနဲ့ ရင်ဆိုင်ရတယ်ပေါ့လေ… အဲဒါက ကျနော်တို့ ဘာနဲ့ တူလဲ ဆိုတော့ ကျနော်ကတော့ ဒီဟာကြီး အပေါ်မှာ စဉ်းစားမိတာပေါ့… ဟို… ကျနော်တို့က ဗမာလူမျိုး၊ ဗုဒ္ဓဘာသာ ဗမာလူမျိုး ဆိုတော့ ကျနော်တို့မှာ ကံ ကံရဲ့ အကျိုး ဆိုတာ ရှိတယ်။ အခု ပစ္စုပ္ပန်မှာ ကောင်းတာ လုပ်နေပေမဲ့ နောက်… အတိတ်က အကုသိုလ် ကံက လိုက်လာတယ်ဆို ဒါ ရောင်ပြန် ဟပ်တတ်တယ်ပေါ့။ ဒီ အတိတ်ကံက မကောင်းဘူးဆို ကျနော်တို့ ဒီဘက် မှာ ဘယ်လောက်ပဲ ကောင်းတာ ကြိုးစားကြိုးစား ကျနော်တို့မှာ တခါတလေ ကျတော့ ဒုက္ခရောက်တတ် တယ်။ ကျနော်ကတော့ ကံ ကံရဲ့ အကျိုးကို ယုံကြည်ပါတယ်။ ကောင်းတာ လုပ်တာဟာ အခုလောလော လတ်လတ်မှာ မကောင်းသွားပေမဲ့ တချိန်ချိန်မှာတော့ ဒီစေတနာက ရောင်ပြန် ဟပ်မှာပါ။”

Friday, April 3, 2009

တိမ်ယံအိပ်မက် မိုးထက်နရီ



ဒီတပတ် ရသစာအုပ်စင်မှာတော့ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်အတွက် အမျိုးသားစာပေဆုရခဲ့တဲ့ စာရေးဆရာ ဆူးငှက် ရဲ့ တိမ်ယံအိပ်မက် မိုးထက်နရီ ဆိုတဲ့ လုံးချင်းဝတ္ထုကို ရွေးထားပါတယ်။ ဒီဝတ္ထုဟာ ဒုတိယ ကမ္ဘာစစ် ကာလတဝိုက် မန္တလေးတခေတ်မှာ သဘင်ဂီတစတဲ့ အနုပညာတွေ ပေါက်ဖွားဖွံ့ဖြိုးခဲ့တဲ့ တကယ့် သမိုင်းကြောင်း တခုကို နောက်ခံထားပြီး ဖန်တီးထားတဲ့ မေတ္တာဖွဲ့ဝတ္ထုပါ။ ဂီတလောက နောက်ခံ၊ အထူးသဖြင့် မြို့မဂီတ အဖွဲ့ကြီးကို နောက်ခံထားပြီး အမျိုးသားလေးတယောက်နဲ့ အမျိုးသမီးလေးတယောက် တို့ရဲ့ မေတ္တာရေးကိုပဲ ဂီတတွေ.. သီချင်းတွေနဲ့ ရက်ယှယ်ပြီး ခေတ်အခြေအနေနဲ့အပြိုင် စာရေးဆရာက ၀တ္ထုထဲမှာ ဇတ်လမ်းဆင်ပြီး သိမ်သိမ်မွေ့မွေ့ ရေးပြထားတာပါ။

ဝတ္ထုရဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ စာရေးဆရာဆူးငှက်က ဧရာဝတီ အင်တာနက် သတင်း စာမျက်နှာမှာ ခုလို ပြောပြထားတာ တွေ့ရပါတယ်။
“၀တ္ထုက မန္တလေးမြို့မှာ စစ်ကြီးပြီးတဲ့ နောက်ပိုင်း ရတနာပုံခေတ်တုန်းက ထွန်းကားခဲ့တဲ့ ရိုးရာ ဂီတတွေနဲ့ စစ်ကြီးအပြီးမှာ နိုင်ငံခြားက ရောက်လာတဲ့ အနောက်တိုင်း ဂီတတွေပေါ့ဗျာ၊ အနောက်တိုင်း တူရိယာတွေ၊ အဲဒါတွနဲ့ အဲဒါကို ဘယ်လို ပေါင်းစပ်ကြသလဲပေါ့ဗျာ၊ ဆရာ မြို့မငြိမ်းတို့ ဒါးတန်းဦးသန့်တို့လို အဲဒီခေတ်က ခေတ်ပညာတတ် လူငယ်တွေကနေ တလျှောက်လုံး က မြန်မာ့ မဟာဂီတနဲ့ အရိုးစွဲလာခဲ့ကြတဲ့ သီချင်းတွေ တီးလုံးတွေကိုပဲ အဲဒီအချိန်မှာ ရောက်လာတဲ့ အနောက်တိုင်း တူရိယာပစ္စည်းတွေနဲ့ တီထွင်ပြီးတော့ တီးကြ မှုတ်ကြ ပြီးတော့ လူတွေကြား ရောက် သွားအောင် သူတို့ အခက်အခဲတွေနဲ့ သူတို့ရဲ့ လုပ်ဆောင်မှုတွေနဲ့ အဲဒါကို ဇာတ်အိမ်ဖွဲ့ ရေးထားတဲ့ဝတ္ထုပါဗျာ”
တိမ်ယံအိပ်မက် မိုးထက်နရီဝတ္ထုဟာ အနုပညာလောကကို နောက်ခံထားတာနဲ့ အညီ တကယ့်ကိုလည်း အနုပညာဆန်တဲ့ ၀တ္ထုလေးပါ။ ၀တ္ထုရဲ့ အခန်းဖွင့်လေးတွေကို မဟာဂီတနဲ့ သီချင်းကြီး သီချင်းခံထဲက စာသားတွေ.. ဂီတစာဆို မြို့မငြိမ်းတို့၊ နန်းတော်ရှေ့ဆရာတင်တို့၊ သဟာရ ဆရာတင်တို့လို ထင်ရှားခဲ့တဲ့ တေးရေးကျော်တွေရဲ့ သီချင်းစာသားအစတွေကိုယူပြီး နာမည်ပေးတာက အစ… ရသအင်္ဂါရပ်နဲ့ ညီညွတ်နေတဲ့ ၀တ္ထုလို့ ပြောရမှာပါ။ အဲဒီအပြင် ခေတ်အခါအလိုက် ထင်ရှားခဲ့တဲ့ တေးသီချင်းတွေ၊ အဲဒီသီချင်းတွေ ပေါ်ပေါက်လာတဲ့အချိန်နဲ့ နောက်ခံ အကြောင်းအရာလေးတွေကို ဇာတ်လမ်းနဲ့ လိုက်လျောညီထွေအောင် သီချင်းတွေနဲ့ ဆက်စပ်ပြီး ထည့်သွင်းရေးဖွဲ့ထားတာကလည်း တေးဂီတနောက်ခံသမိုင်းတပုဒ်လို ဖြစ်နေတာပါ။

ဥပမာ.. ဇာတ်လမ်းထဲမှာ ဒုတိယကမ္ဘာစစ်ကာလအတွင်း မြို့မအဖွဲ့သားတွေ စစ်ကိုင်းတောင်ရိုးမှာ စစ်ဘေး စစ်ဒဏ် ရှောင်နေရင်း မြို့မငြိမ်းရဲ့ ‘စစ်ကိုင်းတောင်’သီချင်း မွေးဖွားလာတာကို ဇာတ်လမ်း ချိတ်ဆက်ပြီး ထည့်သွင်းထားတာမျိုးပါ။ အဲသလိုပဲ အငြိမ်းမင်းသမီး လေဘာတီ မမြရင် နာမကျန်းဖြစ်တဲ့အတွက် ‘တုံးကျော်မ’ သီချင်းကို နန်းတော်ရှေ့ဆရာတင်က ရေးပေးတယ် ဆိုတာမျိုးကို ဇာတ်လမ်းနဲ့ အံဝင်ခွင်ကျဖြစ်အောင် ချိတ်ဆက် ထည့်ထားတာမျိုးပါ။ ဇာတ်လမ်းနဲ့ သီးချင်းကို ဆက်စပ်ပြီး ဇာတ်လမ်းထဲမှာ မေမေဦးဆိုတဲ့ အမျိုးသမီး ဇာတ်ဆောင်လေးက မောင်သောင်းဥာဏ်ဆိုတဲ့ အမျိုးသား ဇာတ်ဆောင်လေးနဲ့ ပတ်သက်ပြီး စိတ်ကစားတဲ့ အချိန်မှာ မိန်းကလေးရဲ့ ခံစားချက်နေရာမှာ မြို့မငြိမ်းရဲ့ ခေတ်ရဲ့အိပ်မက် သီးချင်းလေးနဲ့ ဆက်စပ်ပြီး ထည့်ရေး လိုက်တာမျိုးက ရသပေါ်လှပါတယ်။ အဲသလို ဇာတ်လမ်းနဲ့ သီချင်း အကွက်ကျကျ ချိန်ဆက်ထားလို့ပဲ လေးလံတဲ့ အကြောင်းအချက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီဝတ္ထုဟာ ရသပိုင်းမှာ သိပ်ပြီး အားနည်း မသွားခဲ့တာလို့ ပြောရမှာပါ။ နောက်တကြောင်းကတော့ တကယ့် ဂီတသမိုင်း၊ သီချင်းသမိုင်း၊ သဘင့်သမိုင်းမှာ အထင်ကရ နာမည်ရှိခဲ့တဲ့ အနုပညာရှုင်တွေကို ဇာတ်လမ်းထဲထည့်ပြီးတော့ ရေးဖွဲ့လိုက်တာမို့လို့လည်း ဒီဝတ္ထုက ပိုပြီး ဆွဲဆောင်မှု ရှိသွားသလို ပိုပြီးတော့လည်း အသက်ဝင်သွားစေပါတယ်။ အဲဒီအနုပညာရှင်တွေကို သီပြီးသားဖြစ်နေတဲ့ စာဖတ် ပရိသတ်တွေအတွက်လည်း ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းသွားစေပါတယ်။ ဝတ္ထုရဲ့ ဇာတ်လမ်းနဲ့အလိုက် စာရေးဆရာက ဒုတိယကမ္ဘာစစ်ရဲ့ ဆိုးကျိုးနဲ့ မန္တလေးမြို့ရဲ့ ကြီးမားခဲ့တဲ့ အစဉ်အလာတွေ၊ သမိုင်းတွေကိုလည်း ထည့်သွင်းပြီး ရေးဖွဲ့ပါတယ်။
မှိတ်ထားသော မျက်စေ့ကို ဖွင့်၍မျှပင် မကြည့်ချင်၊ မြင်မြင်သမျှ အရာရာ အနိဌာရုံတွေချည်း ဖြစ်နေသည်။ ဘူတာကြီးအနီးတဝိုက် ရပ်ကွက် တော်တော်များများ မီးလောင်ပြင် ဖြစ်သွား၏။ အရင်က တိုက်တာ အိမ်ကြီးရခိုင်တို့မှာ မီးလောင်ငုတ်တိုမျှ ဖြစ်ကျန်နေရစ်ခဲ့၏။ မကြာမီ ထို မီးလောင် အိမ်တိုင်ငုတ်တိုတွေမှာ နွယ်ပင်တွေ ရစ်ပတ်တွယ်တက်လာတော့မှာပေါ့။ အရင်က အိမ်မီး၊ လမ်းမီးတွေနဲ့ တင့်တယ်ခဲ့တဲ့ ရပ်ကွက်တွေ၊ ဝင်းတွေဟာ အခုတော့ တိုးလျှိုပေါက် အမှောင် ကြီးစိုးနေပါပကော။
တကယ်တော့ စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းနောက်ခံ ရသဝတ္ထုတပုဒ်ဖြစ်လာဖို့ဆိုတာ စာရေးဆရာက ကြိုးစားဖန်တီးပေမယ့်လို့ စာဖတ်သူတွေ၊ စာရေးဆရာအချင်းချင်းတွေက ဒီဝတ္ထုကို ဖတ်ပြီး ဘယ်လို မြင်သလဲ ဆိုတဲ့ အမြင်ကလည်း အရေးကြီးပါတယ်။ အများသော အားဖြင့် သမိုင်းနောက်ခံဝတ္ထုတွေက လေးလံ ထိုင်းမှိုင်း စရာ ကောင်းတတ်ပါတယ်။ အဲဒီလို သမိုင်းနောက်ခံ ဝတ္ထုကိုရေးဖွဲ့ရာမှာ ရသပေါ်အောင် ကြိုးစား အားထုတ် ရတာဟာ စာရေးဆရာ အတွက်တော့ တာဝန်ကြီးလှပါတယ်။ ဒီဝတ္ထုနဲ့ ပတ်သက်ပြီး မန္တလေးသမိုင်းနဲ့ ခေတ်ဟောင်းသီချင်းတွေအကြောင်း၊ မြို့မဂီတအဖွဲ့အကြောင်း၊ ဆောင်းပါးတွေရေးခဲ့ဖူးတဲ့ မန္တလေးသား စာရေးဆရာ ဘိုဘိုလန်းစင်က သူ့အမြင်ကိုအခု လိုပြောပြပါတယ်။
ရေးပုံသားပုံကတော့ နည်းနည်းလေးတော့ လွန်ခဲ့တဲ့ နှစ်(၂၀)တုန်းကပုံစံမျိုးပေါ့လေ၊ ဗမာဝတ္ထု တွေရေးနေကျ ပုံစံမျိုးထဲကတော့ သူတို့သိပ်တော့ မထွက်သေးဘူး။ ပြောရရင်တော့။ အရေးအသား ညက်တာတို့၊ ဇတ်လမ်းဖွဲ့တာ ဘာညာမျိုးကတော့ ကောင်းပါတယ်။
သမိုင်းနောက်ခံဝတ္ထု တပုဒ်အနေနဲ့ ဒီဝတ္ထုက လူငယ်တွေရဲ့ စိတ်ဝင်စားမှုကို ဘယ်လို စွဲဆောင်နိုင်သလဲ ဆိုတာ ကိုလည်း ဘိုဘိုလန်းစင်က ခုလို ပြောပါတယ်။
ကျနော်ထင်တာပြောရရင်တော့ နည်းနည်းပိုပြီးတော့ ဟိုဟာတွေ လျှော့ရင်ကောင်းမယ် ထင်တယ်။ သမိုင်းနဲ့ပတ်သက်တဲ့ အချက်အလက်လေးတွေ။ ဒါမှ ဒီဘက်ခေတ်နဲ့နီစပ်အောင် ဆွဲကြည့်ရင်။ ဥပမာ သင်္ကြန်မိုးလုပ်ခဲ့တဲ့ ဟာမျိုး၊ အဲဒီမှာ ဆွဲထည့်တဲ့မျိုး ပိုကောင်းမလားလို့ မှန်းမိတာပေါ့လေ၊ ပိုပြီးတော့ သွက်လာမှာပေါ့လေ၊ ဒီဘက်ခေတ်လူငယ်တွေ ပိုပြီးတော့ စိတ်ဝင်စားလာမယ်၊ သူတို့နဲ့ သူတို့သိတဲ့ခေတ်နောက်ခံမှာထည့်တဲ့ ဒီဘက်ခေတ်နဲ့ ယှဉ်ရေးတဲ့ဟာမျိုး။
တိမ်ယံအိပ်မက်၊ မိုးထက်နရီ ဝတ္ထုအပေါ် စာရေးဆရာ ဘိုဘိုလန်းစင်ရဲ့ အမြင်တွေပဲ ဖြစ်ပါတယ်။


၂၅၊ ၃၊ ၀၉။


Wednesday, March 25, 2009

ကျောတနေရာ...



မြန်မာအမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အစဉ်အလာ အယူအဆတွေက လွှမ်းမိုးထားတဲ့ အမြင်တွေက အမျိုးသမီးတွေရဲ့ ဘ၀နဲ့ စိတ်ခံစားချက်တွေကို ဘယ်လို ထိခိုက်စေသလဲ... အဲဒီအပြင် မြန်မာနိုင်ငံရဲ့ စီးပွားရေး ဆုတ်ယုတ်မှုကလည်း အမျိုးသမီးတွေရဲ့ ဘ၀ ရပ်တည်ရေးက ဘယ်လိုထိခိုက်သွားသလဲ.. ဆိုတာတွေကို စဉ်းစားမိစေတဲ့ ၀တ္ထုတိုတပုဒ်ကို တင်ပြချင်ပါတယ်။ အဲဒီဝတ္ထုကတော့ မတ်လ ထုတ် ချယ်ရီမဂ္ဂဇင်းထဲက စာရေးဆရာ ‘နန်းဧကရီရှင်’ ရဲ့ ‘ကျောတနေရာ’ ဆိုတဲ့ ၀တ္ထု ပါ။

အဲဒီဝတ္ထုလေးက မမသီဆိုတဲ့ အသက် ၃၂နှစ်အရွယ် အမျိုးသမီးတယောက်ရဲ့ ဘဝခံစားချက် နဲ့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်ရတဲ့ အခြေအနေတွေကို ရေးဖွဲ့ထားတာပါ။ မမသီက အိမ်ထောင်မပြုသေးတဲ့ ဘွဲ့ရပညာတတ် အရာရှိငယ်တယောက်ပါ။ နယ်ဘက်ကဇာတိမို့လို့ ရန်ကုန်မှာ အဆောင်နေပါတယ်။ နယ်မှာ အမေ တယောက်တည်း ရှိနေပြီး မမသီကလည်း နယ်မှာ မနေနိုင်.. အမေ့ကို ရန်ကုန်မှာ ခေါ်ထားဖို့ အတွက်ကလည်း အိမ်ခန်းလေးတခုကိုမှ မငှားနိုင်တဲ့ အခြေနေပါ။ အဲဒီအခြေအနေနဲ့ အထီးကျန်ဆန်ဆန်နေရတဲ့ ခံစားချက်.. အဆောင်မှာ အများနဲ့နေရတဲ့ ခံစားချက်တွေကို ၀တ္ထုလေးထဲမှာ ပေါ်ပေါ်လွင်လွင် တွေ့ရပါ တယ်။
ရုံးက ပြန်ရောက်တယ်ဆို ကိုယ့်အခန်းတံခါးလေးကို တိတ်တိတ်ဆိတ်ဆိတ်ဖွင့်၊ ကုတင်လေး ပေါ်ထိုင်၊ ညကျဖတ်မယ့်စာအုပ်ကို ရွေးချယ်ရင်း အကျီင်္လဲ။ ဒါမှမဟုတ် မြန်မာ့အသံက လွှင့်နေတဲ့ ဗမာသံစဉ်သီချင်းလေးတွေကို တယောက်တည်း ကြားသာရုံ တိုးတိုးလေး ဖွင့်ချင်ဖွင့်။ နောက် ကိုယ့်ကုတင်လေးပေါ်မှာပဲ ကိုယ် ထမင်းခူးစား.. စသည်ဖြင့် ကျင်လည် နေရတာကို ၀မ်းနည်းချင်လာသည်။ အခန်းငယ်တခု ငှားရမ်းပြီး အမေနဲ့ နှစ်ယောက်တည်း နေလိုက်ချင်စိတ်တွေက တားမရ ဆီးမရ။
အဲဒီ အတင်အပြမှာ အမျိုးသမီးတယောက်ရဲ့ ငြီးငွေ့စရာကောင်းတဲ့ အနေအထားနဲ့အတူ အများနဲ့နေရတဲ့ သဘောသဘာဝကို မြင်ရပါတယ်။

နောက်တော့ စာရေးဆရာမ နန်းဧကရီရှင်က သူ့ဝတ္ထုတိုထဲမှာ အဓိကဇာတ်ဆောင် မမသီနဲ့အတူ နောက်ထပ် သက်တူ ရွယ်တူ အမျိုးသမီးတယောက်ကိုပါ ထပ်ထည့်ပြလိုက်ပါတယ်။ မမသီရဲ့ အခန်းကနေ မြင်နေရတတ်တဲ့ မျက်စောင်းထိုးနေရာက အိမ်ခန်းတခုရဲ့ ၀ရံတာမှာ ညနေတိုင်း ထွက် ထွက် ရပ်နေတတ်တဲ့ အမျိုးသမီးလေး တယောက် အကြောင်းကို အဆောင်ပိုင်ရှင် အန်တီကြီးပြောပြလို့ မမသီ သိခဲ့ရပါတယ်။ အဲဒီ အမျိုးသမီးလေးက အဲဒီအိမ်ခန်းလေးမှာ အိမ်ဖော် အလုပ်လုပ်တဲ့သူဖြစ်ပြီးတော့ အန်တီကြီးရဲ့ အဆိုအရ့ ညနေတိုင်းဆိုရင် ဝရံတာ မှာ ထွက်ရပ်ပြီး ဟန်ရေးပြတတ်တယ်လို့ ဆိုပါတယ်။

ဝတ္ထုလေးမှာ စားရေးဆရာ ရည်ရွယ်တာကတော့ အသက်အရွယ် မတိမ်းမယိမ်း အမျိုးသမီးနှစ်ယောက်.. တယောက်က ပညာတတ် အရာရှိ.. တယောက်က ပညာမတတ်တဲ့ အိမ်ဖော် ဆိုပေမဲ့.. သူများအိမ်မှာနေရတာ.. ဘ၀တွေ မလုံခြုံနိုင်သေးတာ.. ကိုယ့်အိမ်ကလေးနဲ့ ကိုယ်တောင် မနေနိုင်ကြသေးတာ.. အနာဂတ် မရေရာသေး တာတွေမှာတော့ အတူတူပဲဆိုတာကို ပြချင်ပုံ ရပါတယ်။
သူလည်း သူ့အိမ်နဲ့သူ နေချင်ရှာမှာပေါ့ …
ကျမကတော့ အဲ့ဒီကောင်မလေးကို ကိုယ်ချင်းစာနေမိသလိုရှိသည်..
ငါတသက်လုံး ဒီလိုပဲ သူများအိမ်တွေမှာပဲ လှည့်လည်နေမလား.. အမေကရော သမီး တယောက်လုံး ရှိပါလျက်နဲ့ တသက်လုံး ဒီလိုပဲ သူများသားသမီးတွေကို အဖော်ပြုနေရမတဲ့ လား.. အဖြေမရဘဲ အိပ်ပျော်သွားခဲ့ရတဲ့ ညတွေ မနည်းတော့..။
မြန်မာနိုင်ငံမှာက အမျိုးသမီးတွေ အသက် ၃၀လောက်ရှိလို့မှ အိမ်ထောင် မပြုသေးရင် ပတ်ဝန်းကျင်က စောင့်ကြည့်ပြီးတော့ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး အမျိုးမျိုး ဝေဖန်တတ်ကြပါတယ်။ ဒါက မြန်မာ့လူနေမှု စံနစ်ထဲမှာ အစဉ်အလာလိုကို ဖြစ်နေတာပါ။ တကယ်လို့ အဲဒီ အသက် ၃၀ လောက်က အိမ်ထောင်ပြုဖို့ စဉ်းစားပြီဆိုရင်လည်း အဲဒီအရွယ်အရ အခက်အခဲလေးတွေ တွေ့လာတတ်ပါတယ်။ ဒါကိုလည်း စာရေးဆရာမ က ခုလို ရေးပြပါတယ်။

အမှန်တော့ အသက်သုံးဆယ်ကျော် မိန်းမတယောက်အတွက် ယောက်ျားတယောက်ကို လက်ထပ်ဖို့ဆိုတာ အတော့်ကို သတ္တိမွေးယူရသော ကိစ္စဖြစ်သည်။ ယောက်ျားတယောက်ကို လက်ထပ်ဖို့၊ နောက် အဲဒီယောက်ျားနဲ့ တသက်လုံးအတူနေဖို့၊ ဒီယောက်ျားမတရားတာရှိရင် အတတ်နိုင်ဆုံး သည်းညည်းခံဖို့ စတာတွေသည် အဲဒီယောက်ျားကို နက်နက်ရှိုင်းရှိုင်းချစ်မှ ပေါက်ဖွားလာနိုင်တာတွေဟု ကျမ ထင်ပါသည်။ အဲဒီကောင်လေးကို အဲလိုမျိုး ကျမ မချစ်ခဲ့တာတော့ သေချာသည်။ ဒါပေမဲ့ သူ့ကို ကျမ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့သည်။
စာရေးဆရာမရဲ့ အဲဒီ အယူအဆနဲ့ ပတ်သက်ပြီး ၀တ္ထုထဲက အဓိကဇာတ်ဆောင် မမသီနဲ့ အသက်အရွယ် မတိမ်းမယိမ်းရှိတဲ့ ပညာတတ်အမျိုးသမီး စာဖတ်သူ မယုယုသွင်ရဲ့ အမြင်ကို တင်ပြချင်ပါတယ်။
ဒီဝတ္ထုမှာပြောထားတဲ့ ကျောတနေရာစာကတော့ အိမ်ဖေါ်မလေးကျတော့ သူ့အတွက်က တကယ့်ကျောတနေရာ၊ သူ့အတွက်နားခိုစရာ၊ နေစရာ။ ဟို ပညာတတ်တဲ့ အမျိုးသမီးကျတော့ အဖော်အားကိုးရာ၊ သူဒီလို တည်တည်တန့်တန့် နေတာကို အတင်းပြောကြတဲ့လူရှိတယ်။ လူတွေဟာ မခံနိုင်တာ အဲဒါပဲ။ အများသောအားဖြင့် အမျိုးသမီးတွေ။ အဲဒီ စိတ်လုံခြုံမှုလို့ ကျမကယူဆတယ်။

ဒါတွေက မပြောဘဲနဲ့ စိတ်ထဲမှာ ကြိတ်ထားရတဲ့ အကြိတ်အခဲတွေလို့ ထင်တယ်။ တချို့တွေက ပညာတတ်လာတာနဲ့ အဆင့်ရှိလာနဲ့ ထိန်းသိမ်းရတာတွေ အရမ်းများ တယ်။ ပြောချင်တာတွေ မပြောရ။ ဒီဝတ္ထုလေးက အဲဒီလို တခုခုကို ဖောက်ထုတ် (ဖောက်ထွက်)လိုက် တာပေါ့နော်…….။ အဲဒီလိုလို့ ယူဆပါတယ်။
တကယ်တော့လည်း မြန်မာပြည်ရဲ့ လက်ရှိ စီးပွားရေးဆုတ်ယုတ်တဲ့ အနေအထားကြောင့်လည်း ပညာတတ် အမျိုးသမီးတွေတောင်မှ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်လို့ မရတဲ့ အခြေအနေမျိုး ဖြစ်နေကြရတာပါ။ ဒါကြောင့်လည်း နှလုံးသားခံစားချက်ဆိုတာကို မေ့ထားပြီး သင့်တော်မယ့် အိမ်ထောင်ဖက်ကို ဦးနှောက်နဲ့ပဲ ရွေးချယ်ရတဲ့ အနေအထားတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒါကို စာရေးဆရာမက ခုလို တင်ပြရင်းနဲ့ သူ့ဝတ္ထုလေးကို အဆုံးသတ်ပါတယ်။
ကောင်မလေးရေ.. ပြဿနာတွေ အများကြီးဆိုတာတော့ ကိုယ်တို့ နှစ်ယောက်လုံး အသိသား ပဲကွယ်။ ဒါပေမဲ့ ရည်ရွယ်ချက် တခုစီအတွက် တို့နှစ်ယောက်လုံး ဖောင်ဖျက်ခဲ့ပြီးပြီပဲကွယ်…။

၁၈၊ ၃၊ ၀၉။

Thursday, March 12, 2009

သူ.. မင်းကို ဘယ်တော့မှ


ခုတပတ်အတွက် ရွေးထားတာကတော့ လုံးချင်းဝတ္ထုတစ်အုပ်ပါ။ မြန်မာပြည်မှာ လူသိအများဆုံး စာဖတ် ပရိသတ် အများဆုံးလို့ သတ်မှတ်နိုင်တဲ့ စာရေးဆရာမဂျူးရဲ့ ၂၀၀၈ခုနှစ် စက်တင်ဘာလက ထွက်ခဲ့တဲ့ “သူ မင်းကို ဘယ်တော့မှ..” ဆိုတဲ့ ၀တ္ထုပါ။ ဒီဝတ္ထုက ဆရာမဂျူးရဲ့ ၀တ္ထုတွေထုံးစံအတိုင်း စာဖတ်ပရိသတ် အချင်းချင်းထဲမှာ.. ဝေဖန်ရေးဆရာတွေ လောကမှာ.. ပြီးတော့ အင်တာနက်စာမျက်နှာလောကမှာပါ ဝေဖန်သံတွေ ငြင်းခုန်သံတွေ ဆူညံသွားခဲ့တဲ့ ၀တ္ထုပါ။ အဓိက ဝေဖန်တာကတော့ ရသ စာရေးဆရာမ အဖြစ် ကျော်ကြားတဲ့ ဆရာမဂျူးရဲ့ ဒီဝတ္ထုဟာ ရသပိုင်းမှာ အားနည်းပြီး တက်ကျမ်းဆန်တယ်လို့ ဝေဖန်ကြတာပါ။ ဆရာမဂျူးရဲ့ အမာခံစာဖတ်ပရိသတ်တွေကတောင် ဒီဝတ္ထုဟာ သတင်း အချက်အလက်တွေ ပေးလွန်းတယ်လို့ ပြောကြတာတွေ ရှိပါတယ်။

ဒါပေမဲ့ ဆရာမ ဂျူးကတော့ သူ့ဝတ္ထုတွေရဲ့ ထုံးစံအတိုင်း အဖွင့်ကောက်စာက စလို့ စာဖတ် ပရိသတ် စိတ်ဝင်စား အောင် ဆွဲဆောင်လိုက်ပါတယ်။
မင်း သူ့ကိုရှာရင်
မင်း သူ့ကို ဘယ်တော့မှ တွေ့မှာ မဟုတ်ဘူး..
ဒါပေမဲ့
မင်း သူ့ကို မရှာရင်လည်း
သူမင်းကို ဘယ်တော့မှ မြင်အောင် ပြမှာ မဟုတ်ဘူး။
+++++

ဒီဝတ္ထုလေးရဲ့ အဓိကဇာတ်ကြောင်းလေးကတော့ မကွေးတိုင်း စလင်းမြို့အနားက ဖောင်းလင်း ရွာသူမိန်းကလေး တယောက်။ ပစ္စည်းဥစ္စာဆင်းရဲပေမဲ့ ပညာမဆင်းရဲအောင် ကြိုးစားတဲ့ အကြောင်းကို အခြေခံပြီးတော့ ဇာတ်အိမ် ဖွဲ့ထားတာ ဖြစ်ပါတယ်။ အဲဒီဝတ္ထုထဲမှာ အဓိက ဇာတ်ဆောင် မိန်းကလေးရဲ့ ဘ၀နဲ့ အသက်အရွယ်အလိုက် ခံစားချက်တွေကို စာရေးဆရာက အသေးစိတ် ရေးပြထားတာပါ။ ဒီနေရာမှာ ၀တ္ထုရဲ့ အဓိက ပေးလိုတဲ့ ရည်ရွယ်ချက်တွေကို လူ့လောကထဲက တကယ့်သရုပ်တွေနဲ့ တကယ့် ခံစားချက်တွေနဲ့ အစာသွပ်ပြီး စာရေးဆရာက ရသပေါ်အောင် ပေးထားတာ တွေ့ရပါတယ်။

အဓိက ဝေဖန်ကြတဲ့ ရသအားနည်းတယ်ဆိုတာကတော့ ၀တ္ထုအနေနဲ့ ဖန်တီးထားတဲ့ ဇာတ်ကြောင်းထဲမှာ သတင်းဆန်တဲ့ အချက်အလက်တွေ များနေတာ ကြောင့်ပါ။ ဒါကြောင့်ပဲ ၀တ္ထုတပုဒ်အနေနဲ့ဆိုရင်တော့ ပညာပေးပိုင်း များနေတယ်လို့တော့ ပြောနိုင်ပါတယ်။ ဒါကလည်း ခေတ်ရဲ့တောင်းဆိုမှုကြောင့် ဖြစ်နိုင်သလို စာရေးဆရာမ ရည်ရွယ်တဲ့ ပရိတ်သတ်ရဲ့ အသက်အပိုင်းအခြားပေါ်မှာလည်း မူတည်တယ်လို့ ဆိုနိုင်ပါတယ်။ ဆရာမဂျူးက ဒီဝတ္ထုကို ဆယ်ကျော်သက် အရွယ်လူငယ်တန်းအတွက် ရည်ရွယ်ဟန် တူပါတယ်။ ဒါပေမဲ့ ဝတ္ထုအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဝတ္ထုရဲ့အကြောင်းအရာထဲမှာ ရသဘယ်လောက် ထည့်ပေးနိုင်သလဲ ဆိုတာကိုတော့ ကြည့်ရပါမယ်။ ဇာတ်လမ်းအရ ဇာတ်ဆောင်မိန်းကလေး အေးငြိမ်းမေ တွေ့ကြုံရတဲ့ အဖြစ်အပျက် တွေက စာဖတ်ပရိတ်သတ်ကို အေးငြိမ်းမေ ကြုံဆုံခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ အတူ ၀မ်းသာ.. ၀မ်းနည်း.. စိတ်အားတက်ကြွတာ.. စိတ်အား ငယ်ရတာတွေကို ခံစားရစေပါတယ်။

အဲဒီလိုပဲ အေးငြိမ်းမေ နေရာကနေ စာရေးဆရာပြောချင်တာတွေကို စာဖတ်ပရိတ်သတ်က ခံစားသိနဲ့ မြင်ရ ကြားရပါတယ်။ အဲဒါဟာ ရသစာပေရဲ့ သဘောသဘာဝပါပဲ။ ဝတ္ထုထဲမှာ ကျေးလက်တောရွာက မိန်းကလေး တယောက်အနေနဲ့ အေးငြိမ်းမေပြောတဲ့စကားတွေက မြင့်လွန်းတယ်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ တကယ့် ပြင်ပထဲမှာလည်း အဲလို ကြိုးစားတဲ့ ထူးခြားထွန်းပေါက်တဲ့ ကျေးလက်သူတွေ ရှိနေနိုင်တာပါပဲ။ အဲဒီ အပြင် စာရေးဆရာဟာ မြန်မာနိုင်ငံရဲ့ အဓိကလိုအပ်ချက်တချက်ဖြစ်တဲ့ အမျိုးသမီးတွေရဲ့ ပညာရေး အားနည်း တာကြောင့် ဖြစ်လာရတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ထောက်ပြထားတာလည်း တွေ့ရပါတယ်။ ဒါကြောင့် ဆရာမ ဂျူးဟာ စာပေအပေါ်လည်း တာဝန်ကျေသလို သူ့ပရိသတ်အပေါ်လည်း တာဝန်ကျေတယ်လို့ပဲ ပြောရ မှာပါ။

ဆရာမဂျူးရဲ့ဝတ္ထုတွေ ပညာပေးဆန်လာတာနဲ့ ပတ်သက်ပြီး ကလျာမဂ္ဂဇင်းမှာ ဖော်ပြခဲ့ဖူးတဲ့ “ကြယ်ကြွေကို ခြေရာကောက်ခြင်း”အင်တာဗျူးမှာ မေးတဲ့သူ ဦးခင်မောင်ဇော် က ခုလို ပြောခဲ့ဖူးပါတယ်။
“ကျွန်တော်တို့ မဂျူးဆီကလိုချင်တာက ကျွန်တော်တို့နှလုံးသားတွေကို ချိန်ရွယ်ထားတဲ့ မြားတွေ ကိုပါ။ ခုတော့ မဂျူးက ခေါင်းတွေကိုချည်း ချိန် ချိန်ပစ်လွန်းလို့ ခံရတဲ့သူတွေမှာ ဘုတွေတောင် တော်တော်လေး များနေပါပြီ။ တခြားစာရေးဆရာတွေဆို ကျနော်တို့က ဒီလောက် မတောင်းဆို ပါဘူး။”

ဟုတ်ပါတယ်။ တကယ်တော့လည်း ခုချိန်မှာ လူငယ်တွေကို စာပေနဲ့ လွှမ်းမိုးနိုင်နေတဲ့ စာရေးဆရာ အနည်းအကျဉ်းထဲမှာ ဂျူး ပါနေတာမို့လို့ ခု ဆရာမဂျူးရဲ့ ပညာပေးဆန်တယ်ဆိုတဲ့ ၀တ္ထုမျိုးတွေကိုလည်း ဂျူးမို့လို့ပဲ လူငယ်တွေက ဖတ်မှာပါ။ ဒါကြောင့် ဆရေးဆရာမဂျူးဟာ ရသစာပေထဲကနေ လူငယ်တွေကို အသိ တခုခု ပေးဖို့၊ အားမာန်တခုခု ပေးဖို့၊ မျှော်လင့်ချက် တခုခု ပေးဖို့ အခွင့်အရေး ရှိနေတဲ့သူပါ။

ဒါနဲ့ ပတ်သက်ပြီး ဆရာမဂျူးရဲ့ အမာခံ စာဖတ်ပရိတ်သတ်တဦးဖြစ်တဲ့ လွိုင်ကော်မြို့က ယဉ်မူယာစိုးက ဒီဝတ္ထုနဲ့ ပတ်သက်တဲ့ သူ့အမြင်နဲ့ ခံစားချက်ကို ခုလို ပြောပြပါတယ်။
အခုလူငယ်တွေအတွက်က ရသစစ်စစ်ချည်းထက်ကို ဒီလိုမျိုးရသနဲ့ နဲနဲလေးရောပြီးတော့ တခြား လူငယ်တွေကို ပညာပေးထားတာ အဲဒီလိုဝတ္ထုမျိုး လူငယ်တွေအတွက် ပိုပြီးတော့ လိုအပ်တယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်ကို ပညာပေးတဲ့ ဝတ္ထုချည်း အဲဒီလိုမျိုး ရေးရင်တော့ ရေးလို့တော့ ရပေမဲ့ စိတ်ဝင်စားစရာ မကောင်းဘူး။
ဒါကြောင့်မို့ လူငယ်တွေအတွက် Message တခုခုကို ဇာတ်အိမ်ထဲ သေသေသပ်သပ် ထည့်ထားတဲ့ ဆရာမဂျူးရဲ့ ၀တ္ထုတွေကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဝတ္ထုထဲမှာ သတင်းအချက်အလက် ပညာပေးတွေ တလှေကြီး ထည့်ထားရင်တော့လည်း ဝတ္ထုရဲ့ ရသ အလှကို လျော့ပါးစေတာ အမှန်ပါပဲ။ ဒီဝတ္ထုမှာ ခါတိုင်း ဂျူး ၀တ္ထုတွေနဲ့ မတူတာက ၀တ္ထုဆန်လွန်းတဲ့ တိုက်ဆိုင်မှုဇာတ်ကွက်တွေ များနေတာပါ။ အဲဒါကိုပဲ ဂျူးဝတ္ထုတွေ ကို အစဉ်တစိုက်ဖတ်လာတဲ့ အမာခံစာဖတ်ပရိသတ်တွေက အားမလို အားမရဖြစ်ကြတာလို့ ဆိုပါတယ်။ တကယ်တော့ ခေတ်ရဲ့ရိုက်ခတ်မှုကြောင့် ပြောချင်တာတွေများတဲ့အခါတွေမှာ စာရေးဆရာဟာ သူ့အနုပညာ ကိုတောင် စတေးရတတ်ပါတယ်။ ဒါကြောင့် ရသအားနည်းတယ်လို့ ဝေဖန် ခံရတာမျိုးတွေ ရှိလာတတ်တာပါပဲ။
ဒါပေမဲ့လည်း မျိုးဆက်သစ်စာဖတ်ပရိတ်သတ် လူငယ်လေးတွေကတော့ စရေးဆရာမဂျူး ပေးတဲ့ အားမာန်ရသ ကို ရပါတယ်လို့ ပြောကြပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ယဉ်မူယာစိုးက ခုလို ပြောထားပါသေးတယ်။
ကိုယ့်အတွက် ကျန်တာတွေအများကြီးပါ။ ဒီဝတ္ထုတပုဒ်ဖတ်ပြီးတော့ ငိုတယ်၊ ရယ်တယ်၊ အသည်းကွဲ တယ်၊ အဲဒီလိုမျိုးဝတ္ထုထက် ဒီဝတ္ထုမှာ ဖတ်ရတာ တော်တော်လေး အရသာ ကောင်းပါတယ်။


++++++
(၁၂-၃-၀၉)

Saturday, March 7, 2009

ဗလာကျင်းတိမ်မျှင်…




ရသစာပေဆိုတာဟာ ဘ၀အသိကို ခံစားချက်နဲ့ ယှဉ်ပြီး ရစေတဲ့ စာပေမျိုးပါ။ ဒီကနေ့ မြန်မာစာပေလောကမှာ ရသစာပေရဲ့ အခန်းကဏ္ဍ မှေးမှိန်လာတယ်လို့ စာရေးဆရာ ကြီးတွေ.. ဝေဖန်ရေး ဆရာကြီးတွေက အလျဉ်းသင့် သလို ထုတ်ပြောနေကြတာ တွေ့နေရပါတယ်။ ဒါကြောင့် ရသစာပေရဲ့ အခန်းကဏ္ဍကို ဖော်ထုတ်တဲ့ အနေနဲ့ ဖတ်ချင်စရာ ကောင်းတာနဲ့အမျှ ဖတ်လည်းဖတ်သင့်တဲ့ စာတွေကို ဒီ ရသစာအုပ်စင်ကနေ တင်ဆက် သွားပါ့ မယ်။

ဒီတပတ်အတွက် ရွေးထားတာကတော့ ဖေဖော်ဝါရီလထုတ် ရွှေအမြုတေမဂ္ဂဇင်းထဲက စာရေးဆရာ ‘ပန်းရေဂျိုး- မိုးကုတ်’ ရေးသားတဲ့ ‘ဗလာကျင်းတိမ်မျှင်’ ဆိုတဲ့ ၀တ္ထုတို ဖြစ်ပါတယ်။ အဲဒီ ၀တ္ထုဟာ တောကြီး တတောထဲက ဂျီအံပင်လို့ခေါ်တဲ့ သစ်ပင်ကြီးတပင်ရဲ့ နေရာကနေပြီးတော့ လောကသဘာဝနဲ့ သတ္တ၀ါတွေရဲ့ အလိုလောဘကြီးမှုတွေ ကြီးနိုင် ငယ်ညှဉ်းဆန်မှုတွေကို ထောက်ပြထားတဲ့ ဝတ္ထုလေးဖြစ်ပါတယ်။

ဒီဝတ္ထုတိုကို ဖတ်စေချင်တဲ့ ၀တ္ထုအဖြစ် ရွေးချယ်ဖြစ်တာကတော့ စကားပြေအရေးအသား အတင်အပြက ရိုးရှင်းတဲ့အပြင် တကယ့်လောကသဘာဝထဲက လူတွေရဲ့ အကျင့်စရိုက်တွေကို ၀တ္ထုထဲမှာ ပေါ်လွင်အောင် အံဝင်ခွင်ကျ ထည့်သွင်းပြီး ဆင်ခြင်စဉ်းစားစရာတွေ ပေးထားနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

အဲဒီအပြင် စားဝတ်နေရေး ကျပ်တည်းနေကြရတဲ့ ခုလိုအချိန်မျိုးများ ခရီးလှည့်လည်သွားလာရင်း ဗဟုသုတ ရှာဖွေဖို့တို့၊ စာအုပ်စာပေဖတ်ဖို့တို့၊ သဘာဝဝန်းကျင်လေ့လာဖို့တို့၊ ခက်ခဲနေကြတာမို့ ကိုယ့်နိုင်ငံထဲက ရေမြေ သဘာဝ ပတ်ဝန်းကျင်ရဲ့တန်ဖိုးကို လူတော်တော်များများက ဂဃနဏ မသိနိုင်ကြပါဘူး ဖြစ်နေပါတယ်။ ဒါကြောင့် စာရေးဆရာ ပန်းရေဂျိုး (မိုးကုတ်)ရဲ့ သစ်ပင်သစ်တောနဲ့ ပတ်သက်တဲ့ ဗဟုသုတကိုလည်းပေးရင်း၊ အဲဒီ သစ်ပင်သစ်တောတွေ ပြုန်းတီးလာမှုကို ခံစားချက်နဲ့ ယှဉ်ပြီးသိသွားစေတဲ့ ဒီဝတ္ထုလေးကို ရွေးချယ် လိုက်ရတာ ဖြစ်ပါတယ်။

ဝတ္ထုလေးမှာ စာရေးဆရာက ဒီဝတ္ထုရဲ့ အဓိက ဇာတ်လိုက်ဖြစ်တဲ့ ဂျီအံပင်ကြီးရဲ့ ပုံပန်းသဏ္ဍန်ကို
“ ကျုပ် တစ်ပင်လုံး ရှိသမျှ အရွက်တွေ အားလုံးဟာ စိမ်းမနေပါဘူး။ ထက်ဝက်နီးပါးလောက်က အနီရောင်တွေ ပါတယ်။ အဲဒီ အနီရောင်ထဲကိုမှ ဆေးစက်နဲ့ ပက်ထားသလို အ၀ါပြောက်ကလေး တွေလည်း ရှိနေတတ်သေးတယ်။ ဂျီအံပင်လေ။”
အဲလိုပဲ…ဂျီအံပင်ကြီးရဲ့ အသီးတွေရှိပုံအဲဒီအသီးတွေရဲ့ အရသာကိုလည်း ရေးပြပါတယ်။
"ကျုပ်ခြေရင်းမှာ ကြွေကျနေတဲ့ ကျုပ်အသီးတွေကို အားရပါးရထိုင်စား နေကြတာ ကျုပ်အရမ်း ပီတိ ဖြစ်တာပဲ။ ဖန်ခါးသီးနဲ့ ဆင်တယ်လေ။ စားပြီး ရေသောက်လိုက်ရင် ချိုတိုတိုလေးကိုး။ ကျုပ်တို့ မျိုးရိုးတွေလည်း လူတွေနှိပ်စက်ကြလို့ ထင်းဖြစ်လိုက်၊ မီးသွေးဖြစ်လိုက် ဆိုတော့ ပြုန်းလှပါပြီ။ သိပ် မရှိတော့ဘူး။"
စာရေးဆရာဟာ ဝတ္ထုထဲမှာ လူသားတွေရဲ့ အတ္တလောဘ သဘာဝကို ပြောပြထားပါတယ်။ လူဆိုတာ အစုံစားသတ္တဝါဖြစ်တဲ့အတွက် ရေအောက်က သတ္တဝါကိုလည်းမရှောင်၊ မြေကြီးထဲ တွင်းအောင်းသတ္တဝါ တွေကိုလည်း ချမ်းသာမပေးဘဲ ဝါးဘိုးဝါးဆစ်ထဲမှာ ပျော်ပိုက်ရရှာတဲ့ ဝါးပိုးဖြူနုလေးတွေကိုတောင်မှ ရှာကြံ စားကြတဲ့အကြောင်းကို အသေးစိပ်ရေးဖွဲ့ပါတယ်။ ဒီနေရာမှာ ဆက်စပ်တွေးကြည့်စရာကတော့ လူတွေဟာ အစားအသောက် ဆင်းရဲကြလို့ပဲ အခုလို တွေ့မရှောင် စားသောက်လာကြတာလား၊ ရသတဏှာကြောင့်ပဲလား ဆိုတာပါ။ တကယ်တော့ ဒါဟာ လက်ရှိပြင်ပလောကထဲမှာ နိစ္စဓူဝဖြစ်ပျက်နေတဲ့ အဖြစ်အပျက် ရိုးရိုးလေးပါပဲ။ ဒါပေမဲ့ အဲဒီအဖြစ်အပျက် ရိုးရိုးလေးကိုပဲ စာရေးဆရာက အခုလို တင်ပြပါတယ်။
"တမြန်နှစ်တုန်းကများ မျှစ်လာချိုးတဲ့ လူတစ်ယောက်ကို တောဝက်က ပြေးပြီး ပက်လိုက်တာ သူ့ အဖော်တွေ အရောက်မြန်လာလို့သာပါလား။ အဲဒါ မျှစ် တွေအစား သူတို့လူကိုပဲ ထမ်းပြန် သွားကြရ တာ။ သေလား၊ ရှင်လား မသိရတော့ဘူး။"
အဲဒီအခါစားရေးသောက်ရေးအတွက် တောထဲမှာ အန္တရာယ်နဲ့ရင်း၊ အသက်နဲ့ရင်း၊ နေကြရတဲ့ လူတွေရဲ့ သရုပ် ကို ဘဝအသိနဲ့ ယှဉ်ပြီး ခံစားရစေပါတယ်။ ဒါကလည်း ရသရဲ့ သဘော၊ သဘာဝ ဖြစ်ပါတယ်။

စာရေးဆရာက တောတောင်သဘာဝအလှကိုပြရင်း တောတောင်ထဲမှာပဲ ရှိနေတတ်သေးတဲ့ အန္တရာယ်နဲ့ အနိဋ္ဌာရုံကိုလည်း ပြပါတယ်။ ဒီလို အေးချမ်း ဆိတ်ငြိမ်နေတဲ့ တောတွင်းပတ်ဝန်းကျင်လေးကိုမှ အနိဋ္ဌာရုံတွ ပွက်လောရိုက်သွားအောင် ရောက်လာတာကတော့ တောကောင်ကျားကြီးပဲ ဖြစ်ပါတယ်။ တနေ့တော့ အဲဒီတောကောင်ကျားကြီးနဲ့ အဲဒီတောကြီးထဲကို သားပျောက်ရှာရင်း တောထဲရောက်လာတယ်လို့ ယူဆရတဲ့ ကျွဲမကြီးတို့ ရင်ဆိုင်တွေ့ရာက မထင်မှတ်ဘဲ ကျွဲမကြီး ချိုဖျားမှာ ကျားကြီး ရဲ့အသက်ပါသွာပြီး ကျွဲမကြီးက အနိုင်ရသွားတာ၊ ကျွဲမကြီးက ကျားကြီးသေသွားပေမဲ့ သေမှန်းမသိတဲ့အတွက် ဆက်ဆက်ပြီး ခတ်နေတာကြောင့် နောက်ဆုံး ကျွဲမကြီးပါ အသက်ဆုံးပါးသွားရပုံတွေကို စာရေးဆရာက အသေးစိတ်ရေးဖွဲ့ထားပါတယ်။ ဒီနေရာ မှာ စာရေးဆရာက စာဖတ်သူကို တွေးစရာလေးတခု ပေးထားပါတယ်။
"အချိန်အခါနဲ့ နေရာ ဆိုတာ အမှန်တရားကို ပြောင်းပြန် လှန်ပစ်နိုင်သလား ဆိုတာတော့ အသိဥာဏ် ရင့်သန်တယ် ဆိုတဲ့ လူတွေ ဆင်ခြင် ကြည့်ကြပါလိမ့်မယ်"
ရသစာပေဟာ အဲလို ခံစားတွေးတောစရာတခုခုကိုလည်း ချန်ရစ်ခဲ့တတ်ပါတယ်။ ဒီဝတ္ထုကို ဖတ်ထားတဲ့ စာဖတ် ပရိသတ်လူငယ်လေးတယောက်ကတော့ သူ့အမြင်ကို ခုလိုပြောပါတယ်။
"အောင်ပွဲတခုဆိုတာပေါ့၊ မကျဆုံးရင် မပြီးဆုံးသေးဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးလည်း ပါတာပေါ့။ ရန်သူနဲ့ ပတ်သက်ပြီး ကိုယ့်အပေါ်ကိုလည်း ရန်သူကျဆုံးသွားသည့်တိုင်အောင် သူ့ရဲ့ ပယောဂ ကြောင့် ကိုယ့်ကို ထိခိုက်နိုင်တယ် ဆိုတာမျိုးကို သူရေးချင်တယ် ထင်ပါတယ်။ သက်သေ အထင်အရှားနဲ့ ပရိသတ်ပုံအလယ်မှာ မဖြစ်ဘူးဆိုရင် အောင်ပွဲမမည်ဘူးဆိုတဲ့ အဓိပ္ပါယ် ကိုလည်း သူက ရေးထားသေးတယ်။ အဲဒါလေးလည်း တွေးစရာပေါ့။ နောက်တခုက တိရစ္ဆာန် တကောင်ရဲ့ စဉ်းစားဥာဏ်ဟာ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို အလျော်အစားအဖြစ် ပေးဆပ်ရမယ်တဲ့.. ဒါဟာ….. အတွေးအခေါ်ရှိသင့်တယ်လို့လည်း ထင်ပါတယ်။ နောက်ထပ် အရေးအသားဟာ အဲဒီတခုဟာ နည်းနည်းစဉ်းစားရတယ်။ လူမသိဘဲ ပရိသတ်အလယ်မှာ မရှိတဲ့ နေရာအမှား ကြောင့် ဖြစ်နိုင်တယ်။ မင်္ဂလာတရားတော်မှာလည်း ရှိတယ်။ သင့်တင့် လျှောက်ပတ်တဲ့ နေရာမှာ နေပါဆိုတာ။ အဲဒါမျိုးလေးကိုလည်း သူက ရေးချင်တယ်လို့ ထင်ပါတယ်။"
အချုပ်ပြောရရင် စာရေးဆရာ ပန်းရေဂျိုး- မိုးကုတ်ရဲ့ ဗလာကျင်းတိမ်မျှင်ဝတ္ထုတိုလေးဟာ ရသခံစားမှုနဲ့အတူ ဘ၀အသိ ဘ၀သတိတွေကိုပါပေးတဲ့ ၀တ္ထုတိုလေးအဖြစ် ဖတ်သင့်ကြောင်းပါ။

၅ မတ်လ ၀၉။
(၆မိနစ်ပဲ ရတဲ့ အချိန်လေးအတွင်း ရအောင် ပြောရတာမို့ အားမရလှပါ.. နောက်အပုဒ်တွေမှာ ပိုကြိုးစားပါဦး မယ်)