Wednesday, March 25, 2009
ကျောတနေရာ...
မြန်မာအမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အစဉ်အလာ အယူအဆတွေက လွှမ်းမိုးထားတဲ့ အမြင်တွေက အမျိုးသမီးတွေရဲ့ ဘ၀နဲ့ စိတ်ခံစားချက်တွေကို ဘယ်လို ထိခိုက်စေသလဲ... အဲဒီအပြင် မြန်မာနိုင်ငံရဲ့ စီးပွားရေး ဆုတ်ယုတ်မှုကလည်း အမျိုးသမီးတွေရဲ့ ဘ၀ ရပ်တည်ရေးက ဘယ်လိုထိခိုက်သွားသလဲ.. ဆိုတာတွေကို စဉ်းစားမိစေတဲ့ ၀တ္ထုတိုတပုဒ်ကို တင်ပြချင်ပါတယ်။ အဲဒီဝတ္ထုကတော့ မတ်လ ထုတ် ချယ်ရီမဂ္ဂဇင်းထဲက စာရေးဆရာ ‘နန်းဧကရီရှင်’ ရဲ့ ‘ကျောတနေရာ’ ဆိုတဲ့ ၀တ္ထု ပါ။
အဲဒီဝတ္ထုလေးက မမသီဆိုတဲ့ အသက် ၃၂နှစ်အရွယ် အမျိုးသမီးတယောက်ရဲ့ ဘဝခံစားချက် နဲ့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်ရတဲ့ အခြေအနေတွေကို ရေးဖွဲ့ထားတာပါ။ မမသီက အိမ်ထောင်မပြုသေးတဲ့ ဘွဲ့ရပညာတတ် အရာရှိငယ်တယောက်ပါ။ နယ်ဘက်ကဇာတိမို့လို့ ရန်ကုန်မှာ အဆောင်နေပါတယ်။ နယ်မှာ အမေ တယောက်တည်း ရှိနေပြီး မမသီကလည်း နယ်မှာ မနေနိုင်.. အမေ့ကို ရန်ကုန်မှာ ခေါ်ထားဖို့ အတွက်ကလည်း အိမ်ခန်းလေးတခုကိုမှ မငှားနိုင်တဲ့ အခြေနေပါ။ အဲဒီအခြေအနေနဲ့ အထီးကျန်ဆန်ဆန်နေရတဲ့ ခံစားချက်.. အဆောင်မှာ အများနဲ့နေရတဲ့ ခံစားချက်တွေကို ၀တ္ထုလေးထဲမှာ ပေါ်ပေါ်လွင်လွင် တွေ့ရပါ တယ်။
ရုံးက ပြန်ရောက်တယ်ဆို ကိုယ့်အခန်းတံခါးလေးကို တိတ်တိတ်ဆိတ်ဆိတ်ဖွင့်၊ ကုတင်လေး ပေါ်ထိုင်၊ ညကျဖတ်မယ့်စာအုပ်ကို ရွေးချယ်ရင်း အကျီင်္လဲ။ ဒါမှမဟုတ် မြန်မာ့အသံက လွှင့်နေတဲ့ ဗမာသံစဉ်သီချင်းလေးတွေကို တယောက်တည်း ကြားသာရုံ တိုးတိုးလေး ဖွင့်ချင်ဖွင့်။ နောက် ကိုယ့်ကုတင်လေးပေါ်မှာပဲ ကိုယ် ထမင်းခူးစား.. စသည်ဖြင့် ကျင်လည် နေရတာကို ၀မ်းနည်းချင်လာသည်။ အခန်းငယ်တခု ငှားရမ်းပြီး အမေနဲ့ နှစ်ယောက်တည်း နေလိုက်ချင်စိတ်တွေက တားမရ ဆီးမရ။
အဲဒီ အတင်အပြမှာ အမျိုးသမီးတယောက်ရဲ့ ငြီးငွေ့စရာကောင်းတဲ့ အနေအထားနဲ့အတူ အများနဲ့နေရတဲ့ သဘောသဘာဝကို မြင်ရပါတယ်။
နောက်တော့ စာရေးဆရာမ နန်းဧကရီရှင်က သူ့ဝတ္ထုတိုထဲမှာ အဓိကဇာတ်ဆောင် မမသီနဲ့အတူ နောက်ထပ် သက်တူ ရွယ်တူ အမျိုးသမီးတယောက်ကိုပါ ထပ်ထည့်ပြလိုက်ပါတယ်။ မမသီရဲ့ အခန်းကနေ မြင်နေရတတ်တဲ့ မျက်စောင်းထိုးနေရာက အိမ်ခန်းတခုရဲ့ ၀ရံတာမှာ ညနေတိုင်း ထွက် ထွက် ရပ်နေတတ်တဲ့ အမျိုးသမီးလေး တယောက် အကြောင်းကို အဆောင်ပိုင်ရှင် အန်တီကြီးပြောပြလို့ မမသီ သိခဲ့ရပါတယ်။ အဲဒီ အမျိုးသမီးလေးက အဲဒီအိမ်ခန်းလေးမှာ အိမ်ဖော် အလုပ်လုပ်တဲ့သူဖြစ်ပြီးတော့ အန်တီကြီးရဲ့ အဆိုအရ့ ညနေတိုင်းဆိုရင် ဝရံတာ မှာ ထွက်ရပ်ပြီး ဟန်ရေးပြတတ်တယ်လို့ ဆိုပါတယ်။
ဝတ္ထုလေးမှာ စားရေးဆရာ ရည်ရွယ်တာကတော့ အသက်အရွယ် မတိမ်းမယိမ်း အမျိုးသမီးနှစ်ယောက်.. တယောက်က ပညာတတ် အရာရှိ.. တယောက်က ပညာမတတ်တဲ့ အိမ်ဖော် ဆိုပေမဲ့.. သူများအိမ်မှာနေရတာ.. ဘ၀တွေ မလုံခြုံနိုင်သေးတာ.. ကိုယ့်အိမ်ကလေးနဲ့ ကိုယ်တောင် မနေနိုင်ကြသေးတာ.. အနာဂတ် မရေရာသေး တာတွေမှာတော့ အတူတူပဲဆိုတာကို ပြချင်ပုံ ရပါတယ်။
သူလည်း သူ့အိမ်နဲ့သူ နေချင်ရှာမှာပေါ့ …
ကျမကတော့ အဲ့ဒီကောင်မလေးကို ကိုယ်ချင်းစာနေမိသလိုရှိသည်..
ငါတသက်လုံး ဒီလိုပဲ သူများအိမ်တွေမှာပဲ လှည့်လည်နေမလား.. အမေကရော သမီး တယောက်လုံး ရှိပါလျက်နဲ့ တသက်လုံး ဒီလိုပဲ သူများသားသမီးတွေကို အဖော်ပြုနေရမတဲ့ လား.. အဖြေမရဘဲ အိပ်ပျော်သွားခဲ့ရတဲ့ ညတွေ မနည်းတော့..။
မြန်မာနိုင်ငံမှာက အမျိုးသမီးတွေ အသက် ၃၀လောက်ရှိလို့မှ အိမ်ထောင် မပြုသေးရင် ပတ်ဝန်းကျင်က စောင့်ကြည့်ပြီးတော့ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး အမျိုးမျိုး ဝေဖန်တတ်ကြပါတယ်။ ဒါက မြန်မာ့လူနေမှု စံနစ်ထဲမှာ အစဉ်အလာလိုကို ဖြစ်နေတာပါ။ တကယ်လို့ အဲဒီ အသက် ၃၀ လောက်က အိမ်ထောင်ပြုဖို့ စဉ်းစားပြီဆိုရင်လည်း အဲဒီအရွယ်အရ အခက်အခဲလေးတွေ တွေ့လာတတ်ပါတယ်။ ဒါကိုလည်း စာရေးဆရာမ က ခုလို ရေးပြပါတယ်။
အမှန်တော့ အသက်သုံးဆယ်ကျော် မိန်းမတယောက်အတွက် ယောက်ျားတယောက်ကို လက်ထပ်ဖို့ဆိုတာ အတော့်ကို သတ္တိမွေးယူရသော ကိစ္စဖြစ်သည်။ ယောက်ျားတယောက်ကို လက်ထပ်ဖို့၊ နောက် အဲဒီယောက်ျားနဲ့ တသက်လုံးအတူနေဖို့၊ ဒီယောက်ျားမတရားတာရှိရင် အတတ်နိုင်ဆုံး သည်းညည်းခံဖို့ စတာတွေသည် အဲဒီယောက်ျားကို နက်နက်ရှိုင်းရှိုင်းချစ်မှ ပေါက်ဖွားလာနိုင်တာတွေဟု ကျမ ထင်ပါသည်။ အဲဒီကောင်လေးကို အဲလိုမျိုး ကျမ မချစ်ခဲ့တာတော့ သေချာသည်။ ဒါပေမဲ့ သူ့ကို ကျမ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့သည်။
စာရေးဆရာမရဲ့ အဲဒီ အယူအဆနဲ့ ပတ်သက်ပြီး ၀တ္ထုထဲက အဓိကဇာတ်ဆောင် မမသီနဲ့ အသက်အရွယ် မတိမ်းမယိမ်းရှိတဲ့ ပညာတတ်အမျိုးသမီး စာဖတ်သူ မယုယုသွင်ရဲ့ အမြင်ကို တင်ပြချင်ပါတယ်။
ဒီဝတ္ထုမှာပြောထားတဲ့ ကျောတနေရာစာကတော့ အိမ်ဖေါ်မလေးကျတော့ သူ့အတွက်က တကယ့်ကျောတနေရာ၊ သူ့အတွက်နားခိုစရာ၊ နေစရာ။ ဟို ပညာတတ်တဲ့ အမျိုးသမီးကျတော့ အဖော်အားကိုးရာ၊ သူဒီလို တည်တည်တန့်တန့် နေတာကို အတင်းပြောကြတဲ့လူရှိတယ်။ လူတွေဟာ မခံနိုင်တာ အဲဒါပဲ။ အများသောအားဖြင့် အမျိုးသမီးတွေ။ အဲဒီ စိတ်လုံခြုံမှုလို့ ကျမကယူဆတယ်။
ဒါတွေက မပြောဘဲနဲ့ စိတ်ထဲမှာ ကြိတ်ထားရတဲ့ အကြိတ်အခဲတွေလို့ ထင်တယ်။ တချို့တွေက ပညာတတ်လာတာနဲ့ အဆင့်ရှိလာနဲ့ ထိန်းသိမ်းရတာတွေ အရမ်းများ တယ်။ ပြောချင်တာတွေ မပြောရ။ ဒီဝတ္ထုလေးက အဲဒီလို တခုခုကို ဖောက်ထုတ် (ဖောက်ထွက်)လိုက် တာပေါ့နော်…….။ အဲဒီလိုလို့ ယူဆပါတယ်။
တကယ်တော့လည်း မြန်မာပြည်ရဲ့ လက်ရှိ စီးပွားရေးဆုတ်ယုတ်တဲ့ အနေအထားကြောင့်လည်း ပညာတတ် အမျိုးသမီးတွေတောင်မှ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်လို့ မရတဲ့ အခြေအနေမျိုး ဖြစ်နေကြရတာပါ။ ဒါကြောင့်လည်း နှလုံးသားခံစားချက်ဆိုတာကို မေ့ထားပြီး သင့်တော်မယ့် အိမ်ထောင်ဖက်ကို ဦးနှောက်နဲ့ပဲ ရွေးချယ်ရတဲ့ အနေအထားတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒါကို စာရေးဆရာမက ခုလို တင်ပြရင်းနဲ့ သူ့ဝတ္ထုလေးကို အဆုံးသတ်ပါတယ်။
ကောင်မလေးရေ.. ပြဿနာတွေ အများကြီးဆိုတာတော့ ကိုယ်တို့ နှစ်ယောက်လုံး အသိသား ပဲကွယ်။ ဒါပေမဲ့ ရည်ရွယ်ချက် တခုစီအတွက် တို့နှစ်ယောက်လုံး ဖောင်ဖျက်ခဲ့ပြီးပြီပဲကွယ်…။
၁၈၊ ၃၊ ၀၉။
3 comments:
  1. ဖတ်သွားပါတယ်..အစ်မ ၊ အသံကစက်ကိုကလိတာလွန်သွားလို့နားထောင်မရသေးဘူးအစ်မရေ..
    (နောက်တစ်ခေါက်ပြန်လာနားထောင်မှာ..)
    ရုံးက ပြန်ရောက်တယ်ဆို ကိုယ့်အခန်းတံခါးလေးကို တိတ်တိတ်ဆိတ်ဆိတ်ဖွင့်၊ ကုတင်လေး ပေါ်ထိုင်၊ ညကျဖတ်မယ့်စာအုပ်ကို ရွေးချယ်ရင်း အကျီင်္လဲ။ ဒါမှမဟုတ် မြန်မာ့အသံက လွှင့်နေတဲ့ ဗမာသံစဉ်သီချင်းလေးတွေကို တယောက်တည်း ကြားသာရုံ တိုးတိုးလေး ဖွင့်ချင်ဖွင့်။ နောက် ကိုယ့်ကုတင်လေးပေါ်မှာပဲ ကိုယ် ထမင်းခူးစား.. စသည်ဖြင့် ကျင်လည် နေရတာကို ၀မ်းနည်းချင်လာသည်
    ဆိုတဲ့စကားတွေက လက်ရှိကိုယ့်အခြေအနေကို..စောင်းပြောနေသလိုပဲလို့
    မဖတ်ရပေးမယ့်
    အစ်မပြောပြတာလေးမှာပဲ.ပေးချင်တဲ့ Message အပြည့်အ၀ရလိုက်ပါတယ်..အစ်မရေ...
    ReplyDelete
  2. ဖတ်လို့ကောင်းလိုက်တာ။ ဟနကြိုက်လိုက်တာ မမ ရေ။
    ReplyDelete
  3. စာဖတ်ရတာထက် အစ်မ အသံနဲ့ ပြောနေတာကို နားထောင်ရတာကို ပိုကြိုက်တယ်။ အားလုံးအတွက်ကျေးဇူးတင်ပါတယ် အစ်မ။ ဆက်လက် စောင့်မျှော်နေပါတယ်။
    ReplyDelete