Thursday, March 12, 2009
သူ.. မင်းကို ဘယ်တော့မှ
ခုတပတ်အတွက် ရွေးထားတာကတော့ လုံးချင်းဝတ္ထုတစ်အုပ်ပါ။ မြန်မာပြည်မှာ လူသိအများဆုံး စာဖတ် ပရိသတ် အများဆုံးလို့ သတ်မှတ်နိုင်တဲ့ စာရေးဆရာမဂျူးရဲ့ ၂၀၀၈ခုနှစ် စက်တင်ဘာလက ထွက်ခဲ့တဲ့ “သူ မင်းကို ဘယ်တော့မှ..” ဆိုတဲ့ ၀တ္ထုပါ။ ဒီဝတ္ထုက ဆရာမဂျူးရဲ့ ၀တ္ထုတွေထုံးစံအတိုင်း စာဖတ်ပရိသတ် အချင်းချင်းထဲမှာ.. ဝေဖန်ရေးဆရာတွေ လောကမှာ.. ပြီးတော့ အင်တာနက်စာမျက်နှာလောကမှာပါ ဝေဖန်သံတွေ ငြင်းခုန်သံတွေ ဆူညံသွားခဲ့တဲ့ ၀တ္ထုပါ။ အဓိက ဝေဖန်တာကတော့ ရသ စာရေးဆရာမ အဖြစ် ကျော်ကြားတဲ့ ဆရာမဂျူးရဲ့ ဒီဝတ္ထုဟာ ရသပိုင်းမှာ အားနည်းပြီး တက်ကျမ်းဆန်တယ်လို့ ဝေဖန်ကြတာပါ။ ဆရာမဂျူးရဲ့ အမာခံစာဖတ်ပရိသတ်တွေကတောင် ဒီဝတ္ထုဟာ သတင်း အချက်အလက်တွေ ပေးလွန်းတယ်လို့ ပြောကြတာတွေ ရှိပါတယ်။
ဒါပေမဲ့ ဆရာမ ဂျူးကတော့ သူ့ဝတ္ထုတွေရဲ့ ထုံးစံအတိုင်း အဖွင့်ကောက်စာက စလို့ စာဖတ် ပရိသတ် စိတ်ဝင်စား အောင် ဆွဲဆောင်လိုက်ပါတယ်။
မင်း သူ့ကိုရှာရင်
မင်း သူ့ကို ဘယ်တော့မှ တွေ့မှာ မဟုတ်ဘူး..
ဒါပေမဲ့
မင်း သူ့ကို မရှာရင်လည်း
သူမင်းကို ဘယ်တော့မှ မြင်အောင် ပြမှာ မဟုတ်ဘူး။
+++++
ဒီဝတ္ထုလေးရဲ့ အဓိကဇာတ်ကြောင်းလေးကတော့ မကွေးတိုင်း စလင်းမြို့အနားက ဖောင်းလင်း ရွာသူမိန်းကလေး တယောက်။ ပစ္စည်းဥစ္စာဆင်းရဲပေမဲ့ ပညာမဆင်းရဲအောင် ကြိုးစားတဲ့ အကြောင်းကို အခြေခံပြီးတော့ ဇာတ်အိမ် ဖွဲ့ထားတာ ဖြစ်ပါတယ်။ အဲဒီဝတ္ထုထဲမှာ အဓိက ဇာတ်ဆောင် မိန်းကလေးရဲ့ ဘ၀နဲ့ အသက်အရွယ်အလိုက် ခံစားချက်တွေကို စာရေးဆရာက အသေးစိတ် ရေးပြထားတာပါ။ ဒီနေရာမှာ ၀တ္ထုရဲ့ အဓိက ပေးလိုတဲ့ ရည်ရွယ်ချက်တွေကို လူ့လောကထဲက တကယ့်သရုပ်တွေနဲ့ တကယ့် ခံစားချက်တွေနဲ့ အစာသွပ်ပြီး စာရေးဆရာက ရသပေါ်အောင် ပေးထားတာ တွေ့ရပါတယ်။
အဓိက ဝေဖန်ကြတဲ့ ရသအားနည်းတယ်ဆိုတာကတော့ ၀တ္ထုအနေနဲ့ ဖန်တီးထားတဲ့ ဇာတ်ကြောင်းထဲမှာ သတင်းဆန်တဲ့ အချက်အလက်တွေ များနေတာ ကြောင့်ပါ။ ဒါကြောင့်ပဲ ၀တ္ထုတပုဒ်အနေနဲ့ဆိုရင်တော့ ပညာပေးပိုင်း များနေတယ်လို့တော့ ပြောနိုင်ပါတယ်။ ဒါကလည်း ခေတ်ရဲ့တောင်းဆိုမှုကြောင့် ဖြစ်နိုင်သလို စာရေးဆရာမ ရည်ရွယ်တဲ့ ပရိတ်သတ်ရဲ့ အသက်အပိုင်းအခြားပေါ်မှာလည်း မူတည်တယ်လို့ ဆိုနိုင်ပါတယ်။ ဆရာမဂျူးက ဒီဝတ္ထုကို ဆယ်ကျော်သက် အရွယ်လူငယ်တန်းအတွက် ရည်ရွယ်ဟန် တူပါတယ်။ ဒါပေမဲ့ ဝတ္ထုအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဝတ္ထုရဲ့အကြောင်းအရာထဲမှာ ရသဘယ်လောက် ထည့်ပေးနိုင်သလဲ ဆိုတာကိုတော့ ကြည့်ရပါမယ်။ ဇာတ်လမ်းအရ ဇာတ်ဆောင်မိန်းကလေး အေးငြိမ်းမေ တွေ့ကြုံရတဲ့ အဖြစ်အပျက် တွေက စာဖတ်ပရိတ်သတ်ကို အေးငြိမ်းမေ ကြုံဆုံခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ အတူ ၀မ်းသာ.. ၀မ်းနည်း.. စိတ်အားတက်ကြွတာ.. စိတ်အား ငယ်ရတာတွေကို ခံစားရစေပါတယ်။
အဲဒီလိုပဲ အေးငြိမ်းမေ နေရာကနေ စာရေးဆရာပြောချင်တာတွေကို စာဖတ်ပရိတ်သတ်က ခံစားသိနဲ့ မြင်ရ ကြားရပါတယ်။ အဲဒါဟာ ရသစာပေရဲ့ သဘောသဘာဝပါပဲ။ ဝတ္ထုထဲမှာ ကျေးလက်တောရွာက မိန်းကလေး တယောက်အနေနဲ့ အေးငြိမ်းမေပြောတဲ့စကားတွေက မြင့်လွန်းတယ်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ တကယ့် ပြင်ပထဲမှာလည်း အဲလို ကြိုးစားတဲ့ ထူးခြားထွန်းပေါက်တဲ့ ကျေးလက်သူတွေ ရှိနေနိုင်တာပါပဲ။ အဲဒီ အပြင် စာရေးဆရာဟာ မြန်မာနိုင်ငံရဲ့ အဓိကလိုအပ်ချက်တချက်ဖြစ်တဲ့ အမျိုးသမီးတွေရဲ့ ပညာရေး အားနည်း တာကြောင့် ဖြစ်လာရတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ထောက်ပြထားတာလည်း တွေ့ရပါတယ်။ ဒါကြောင့် ဆရာမ ဂျူးဟာ စာပေအပေါ်လည်း တာဝန်ကျေသလို သူ့ပရိသတ်အပေါ်လည်း တာဝန်ကျေတယ်လို့ပဲ ပြောရ မှာပါ။
ဆရာမဂျူးရဲ့ဝတ္ထုတွေ ပညာပေးဆန်လာတာနဲ့ ပတ်သက်ပြီး ကလျာမဂ္ဂဇင်းမှာ ဖော်ပြခဲ့ဖူးတဲ့ “ကြယ်ကြွေကို ခြေရာကောက်ခြင်း”အင်တာဗျူးမှာ မေးတဲ့သူ ဦးခင်မောင်ဇော် က ခုလို ပြောခဲ့ဖူးပါတယ်။
“ကျွန်တော်တို့ မဂျူးဆီကလိုချင်တာက ကျွန်တော်တို့နှလုံးသားတွေကို ချိန်ရွယ်ထားတဲ့ မြားတွေ ကိုပါ။ ခုတော့ မဂျူးက ခေါင်းတွေကိုချည်း ချိန် ချိန်ပစ်လွန်းလို့ ခံရတဲ့သူတွေမှာ ဘုတွေတောင် တော်တော်လေး များနေပါပြီ။ တခြားစာရေးဆရာတွေဆို ကျနော်တို့က ဒီလောက် မတောင်းဆို ပါဘူး။”
ဟုတ်ပါတယ်။ တကယ်တော့လည်း ခုချိန်မှာ လူငယ်တွေကို စာပေနဲ့ လွှမ်းမိုးနိုင်နေတဲ့ စာရေးဆရာ အနည်းအကျဉ်းထဲမှာ ဂျူး ပါနေတာမို့လို့ ခု ဆရာမဂျူးရဲ့ ပညာပေးဆန်တယ်ဆိုတဲ့ ၀တ္ထုမျိုးတွေကိုလည်း ဂျူးမို့လို့ပဲ လူငယ်တွေက ဖတ်မှာပါ။ ဒါကြောင့် ဆရေးဆရာမဂျူးဟာ ရသစာပေထဲကနေ လူငယ်တွေကို အသိ တခုခု ပေးဖို့၊ အားမာန်တခုခု ပေးဖို့၊ မျှော်လင့်ချက် တခုခု ပေးဖို့ အခွင့်အရေး ရှိနေတဲ့သူပါ။
ဒါနဲ့ ပတ်သက်ပြီး ဆရာမဂျူးရဲ့ အမာခံ စာဖတ်ပရိတ်သတ်တဦးဖြစ်တဲ့ လွိုင်ကော်မြို့က ယဉ်မူယာစိုးက ဒီဝတ္ထုနဲ့ ပတ်သက်တဲ့ သူ့အမြင်နဲ့ ခံစားချက်ကို ခုလို ပြောပြပါတယ်။
အခုလူငယ်တွေအတွက်က ရသစစ်စစ်ချည်းထက်ကို ဒီလိုမျိုးရသနဲ့ နဲနဲလေးရောပြီးတော့ တခြား လူငယ်တွေကို ပညာပေးထားတာ အဲဒီလိုဝတ္ထုမျိုး လူငယ်တွေအတွက် ပိုပြီးတော့ လိုအပ်တယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်ကို ပညာပေးတဲ့ ဝတ္ထုချည်း အဲဒီလိုမျိုး ရေးရင်တော့ ရေးလို့တော့ ရပေမဲ့ စိတ်ဝင်စားစရာ မကောင်းဘူး။
ဒါကြောင့်မို့ လူငယ်တွေအတွက် Message တခုခုကို ဇာတ်အိမ်ထဲ သေသေသပ်သပ် ထည့်ထားတဲ့ ဆရာမဂျူးရဲ့ ၀တ္ထုတွေကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဝတ္ထုထဲမှာ သတင်းအချက်အလက် ပညာပေးတွေ တလှေကြီး ထည့်ထားရင်တော့လည်း ဝတ္ထုရဲ့ ရသ အလှကို လျော့ပါးစေတာ အမှန်ပါပဲ။ ဒီဝတ္ထုမှာ ခါတိုင်း ဂျူး ၀တ္ထုတွေနဲ့ မတူတာက ၀တ္ထုဆန်လွန်းတဲ့ တိုက်ဆိုင်မှုဇာတ်ကွက်တွေ များနေတာပါ။ အဲဒါကိုပဲ ဂျူးဝတ္ထုတွေ ကို အစဉ်တစိုက်ဖတ်လာတဲ့ အမာခံစာဖတ်ပရိသတ်တွေက အားမလို အားမရဖြစ်ကြတာလို့ ဆိုပါတယ်။ တကယ်တော့ ခေတ်ရဲ့ရိုက်ခတ်မှုကြောင့် ပြောချင်တာတွေများတဲ့အခါတွေမှာ စာရေးဆရာဟာ သူ့အနုပညာ ကိုတောင် စတေးရတတ်ပါတယ်။ ဒါကြောင့် ရသအားနည်းတယ်လို့ ဝေဖန် ခံရတာမျိုးတွေ ရှိလာတတ်တာပါပဲ။
ဒါပေမဲ့လည်း မျိုးဆက်သစ်စာဖတ်ပရိတ်သတ် လူငယ်လေးတွေကတော့ စရေးဆရာမဂျူး ပေးတဲ့ အားမာန်ရသ ကို ရပါတယ်လို့ ပြောကြပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ယဉ်မူယာစိုးက ခုလို ပြောထားပါသေးတယ်။
ကိုယ့်အတွက် ကျန်တာတွေအများကြီးပါ။ ဒီဝတ္ထုတပုဒ်ဖတ်ပြီးတော့ ငိုတယ်၊ ရယ်တယ်၊ အသည်းကွဲ တယ်၊ အဲဒီလိုမျိုးဝတ္ထုထက် ဒီဝတ္ထုမှာ ဖတ်ရတာ တော်တော်လေး အရသာ ကောင်းပါတယ်။
++++++
(၁၂-၃-၀၉)
4 comments:
  1. ရေးရမရ အရင်စမ်း
    ReplyDelete
  2. ဟေးးးးးးးးး။ ရပြီ..။
    အစ်မရေ...မန့်ချင်လွန်းလို့ကြိုးစားလိုက်ရတာ..ခုမှရတော့တယ်.။
    အင်းညကရေးထားတာတွေလဲ..မမှတ်မိတော့ဘူး..အခု စဉ်းစားမိသလို
    ခံစားမိသလို ထပ်ရေးမယ်..။(ဒီတစ်ခါတော့ကူးထားမယ်..ဘယ်ရမလည်း..)
    ပထမ..ပန်းရေဂျိုးဝတ္ထုမှာ..အစ်မအသံအဖျားလေးတွေနည်းနည်းထောင်နေပေမယ့်
    ခု တစ်ပုဒ်မှာတော့..တော်တော်လေး...ပြေလွင်သွားတယ်..အစ်မရေ..။
    အခုလိုအစီအစဉ်မျိုးကို အစ်မစီစဉ်ဆောင်ရွက်ခွင့်ရတာ..ဘယ်လောက်ဝမ်းသာစရာကောင်းသလဲအစ်မရယ်.
    အစ်မရဲ့..အမြင် အစ်မရဲ့အာဘော်လေးတွေပါထပ်ဖြည့်ပြီး..ဒီ့ထက်ကျယ်ကျယ်ပြန့်ပြန့်လေး..
    တင်ဆက်ပေးနိုင်ရင်ဘယ်လောက်များကောင်းလိုက်မလဲနော်..။
    အဓိကအချိန်နည်းနည်းပိုရရင်..၀တ္ထုကျောရိုးလေးလဲဒီ့ထက်ပီပီပြင်ပြင်..
    နောက်အဖွဲ့အနွဲ့ပိုင်းရသမြောက်တာလေးတွေကိုပါ နည်းပါးပါးအမြည်းပေးနိုင်ရင်ပိုကောင်းမှာပဲ..။
    ခုက အချိန်နည်းလွန်းနေသလားလို့အစ်မရယ်.။
    ဆရာမဂျူးက ရသစာရေးဆရာမဆိုပေမယ့်
    သူရေးခဲ့သမျှဝတ္ထုတိုင်း..သုတပိုင်းပါမပါပါအောင်သူတတ်နိုင်သမျှ
    လှလှပပထည့်ပေးခဲ့တာနော်..အစ်မ.။
    သူ့စေတနာကို သူရေးတဲ့စာတိုင်းမှာ အထင်းသားပေါ်လွင်နေခဲ့တာ..
    သူလဲ လိုချင်တဲ့ခရီးကိုရောက်ဖို့ ရသိုလှော်ခတ်ရတော့တယ်ထင်ပါ့အစ်မရေ..
    သူပို့ချင်တာတွေအရောက်ပို့ပေးနိုင်ဖို့...လေ..။
    ခု..လူငယ်တွေကြား..သုသန်စောင့်မဖဲဝါလို ၀တ္ထုမျိုးတွေခေတ်စားနေတဲ့အချိန်မှာ...
    သူ့ဝတ္ထုကောက်ကိုင်မိလိုက်တဲ့အချိန်..ကောက်ဖတ်လိုက်တဲ့ခဏအတွင်း
    အတင်းကြီးကို..ဒီလိုပေးမှကိုရနိုင်လောက်တော့မဲ့ အခြေအနေမို့ထင်ပါရဲ့..။
    စေတနာလွန်တာပေါ့..။( ၂အုပ်ရှိပြီနော်အစ်မ စောင့်နေမယ်လို့မပြောလိုက်ဘူး မှာလဲ..ဒီလိုပါပဲ..။)
    ဆရာမရဲ့ စေတနာကိုတော့ အကြွင်းမဲ့ယုံကြည်ပါတယ်..။
    ဘာပဲပြောပြော ခေတ်အခါအရ..ဒီလိုစာအုပ်မျိုးတွေဟာ..
    လိုကိုလိုအပ်တယ်လို့ထင်မိသလို..
    သူများရေးလို့ လူ ၅၀ ပဲဖတ်မိ နိုင်ပေမယ့် ဂျူးရေးတော့ လူ၁၅၀ တော့ဖတ်မိသွားလိမ့်မပေါ့။
    လွမ်းတာပေါ့...အစ်မရယ်..
    အမှတ်တရ..က အစ..
    ကြယ်စင်တံတားကမ်းပါးနှင်းမြူ..အထိ...
    အ၀ါရောင်ရထား
    ရေမျောသီး..
    မြရဲ့လ...
    လွမ်းတိုင်း အဟောင်းတွေပဲပြန်ပြန်ရှာဖတ်တယ်..။
    စောင့်နားထောင်စောင့်ဖတ်မှာ..အစ်မရေ...
    အစ်မပေးသမျှကို..နိုင်သလောက်လာလာသယ်မယ့်..အကြောင်း..။
    ချစ်ခင်လေးစားစွာ...
    အစ်မတို့မိသားစု
    ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာလို့ ကောင်ကျိုးလိုရာဆန္ဒပြည့်ဝနိုင်ပါစေ
    ReplyDelete
  3. အေးပေါ့ဗျာ တိုင်းပြည်လေး ဂျင်ဂလယ်မှာ မဂူးတို့ တွင်ကျယ်နေနိုင်တုန်းပါပဲ
    ReplyDelete
  4. အိန္ဒာရေ..
    ပြောရရင်တော့ target audience နဲ့ ဆိုင်မယ်ထင်တယ်။
    အမှန်တော့ အမဆို ကိုယ့်တယောက်တည်းအနေနဲ့ ဒီဝတ္ထုကို မကြိုက်ဘူး။ ဒါပေမဲ့ လူငယ်တွေအတွက်ဆိုတဲ့ စိတ်နဲ့ပဲ လုပ်ရတာပဲလေ..။
    ချို...
    ဘာပဲဖြစ်ဖြစ် ဂျူးဆိုပြီး လုပ်လို့ ရနေသေးတာတော့ အမှန်ပါပဲလေ..။
    ReplyDelete