Saturday, March 7, 2009

ဗလာကျင်းတိမ်မျှင်…




ရသစာပေဆိုတာဟာ ဘ၀အသိကို ခံစားချက်နဲ့ ယှဉ်ပြီး ရစေတဲ့ စာပေမျိုးပါ။ ဒီကနေ့ မြန်မာစာပေလောကမှာ ရသစာပေရဲ့ အခန်းကဏ္ဍ မှေးမှိန်လာတယ်လို့ စာရေးဆရာ ကြီးတွေ.. ဝေဖန်ရေး ဆရာကြီးတွေက အလျဉ်းသင့် သလို ထုတ်ပြောနေကြတာ တွေ့နေရပါတယ်။ ဒါကြောင့် ရသစာပေရဲ့ အခန်းကဏ္ဍကို ဖော်ထုတ်တဲ့ အနေနဲ့ ဖတ်ချင်စရာ ကောင်းတာနဲ့အမျှ ဖတ်လည်းဖတ်သင့်တဲ့ စာတွေကို ဒီ ရသစာအုပ်စင်ကနေ တင်ဆက် သွားပါ့ မယ်။

ဒီတပတ်အတွက် ရွေးထားတာကတော့ ဖေဖော်ဝါရီလထုတ် ရွှေအမြုတေမဂ္ဂဇင်းထဲက စာရေးဆရာ ‘ပန်းရေဂျိုး- မိုးကုတ်’ ရေးသားတဲ့ ‘ဗလာကျင်းတိမ်မျှင်’ ဆိုတဲ့ ၀တ္ထုတို ဖြစ်ပါတယ်။ အဲဒီ ၀တ္ထုဟာ တောကြီး တတောထဲက ဂျီအံပင်လို့ခေါ်တဲ့ သစ်ပင်ကြီးတပင်ရဲ့ နေရာကနေပြီးတော့ လောကသဘာဝနဲ့ သတ္တ၀ါတွေရဲ့ အလိုလောဘကြီးမှုတွေ ကြီးနိုင် ငယ်ညှဉ်းဆန်မှုတွေကို ထောက်ပြထားတဲ့ ဝတ္ထုလေးဖြစ်ပါတယ်။

ဒီဝတ္ထုတိုကို ဖတ်စေချင်တဲ့ ၀တ္ထုအဖြစ် ရွေးချယ်ဖြစ်တာကတော့ စကားပြေအရေးအသား အတင်အပြက ရိုးရှင်းတဲ့အပြင် တကယ့်လောကသဘာဝထဲက လူတွေရဲ့ အကျင့်စရိုက်တွေကို ၀တ္ထုထဲမှာ ပေါ်လွင်အောင် အံဝင်ခွင်ကျ ထည့်သွင်းပြီး ဆင်ခြင်စဉ်းစားစရာတွေ ပေးထားနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

အဲဒီအပြင် စားဝတ်နေရေး ကျပ်တည်းနေကြရတဲ့ ခုလိုအချိန်မျိုးများ ခရီးလှည့်လည်သွားလာရင်း ဗဟုသုတ ရှာဖွေဖို့တို့၊ စာအုပ်စာပေဖတ်ဖို့တို့၊ သဘာဝဝန်းကျင်လေ့လာဖို့တို့၊ ခက်ခဲနေကြတာမို့ ကိုယ့်နိုင်ငံထဲက ရေမြေ သဘာဝ ပတ်ဝန်းကျင်ရဲ့တန်ဖိုးကို လူတော်တော်များများက ဂဃနဏ မသိနိုင်ကြပါဘူး ဖြစ်နေပါတယ်။ ဒါကြောင့် စာရေးဆရာ ပန်းရေဂျိုး (မိုးကုတ်)ရဲ့ သစ်ပင်သစ်တောနဲ့ ပတ်သက်တဲ့ ဗဟုသုတကိုလည်းပေးရင်း၊ အဲဒီ သစ်ပင်သစ်တောတွေ ပြုန်းတီးလာမှုကို ခံစားချက်နဲ့ ယှဉ်ပြီးသိသွားစေတဲ့ ဒီဝတ္ထုလေးကို ရွေးချယ် လိုက်ရတာ ဖြစ်ပါတယ်။

ဝတ္ထုလေးမှာ စာရေးဆရာက ဒီဝတ္ထုရဲ့ အဓိက ဇာတ်လိုက်ဖြစ်တဲ့ ဂျီအံပင်ကြီးရဲ့ ပုံပန်းသဏ္ဍန်ကို
“ ကျုပ် တစ်ပင်လုံး ရှိသမျှ အရွက်တွေ အားလုံးဟာ စိမ်းမနေပါဘူး။ ထက်ဝက်နီးပါးလောက်က အနီရောင်တွေ ပါတယ်။ အဲဒီ အနီရောင်ထဲကိုမှ ဆေးစက်နဲ့ ပက်ထားသလို အ၀ါပြောက်ကလေး တွေလည်း ရှိနေတတ်သေးတယ်။ ဂျီအံပင်လေ။”
အဲလိုပဲ…ဂျီအံပင်ကြီးရဲ့ အသီးတွေရှိပုံအဲဒီအသီးတွေရဲ့ အရသာကိုလည်း ရေးပြပါတယ်။
"ကျုပ်ခြေရင်းမှာ ကြွေကျနေတဲ့ ကျုပ်အသီးတွေကို အားရပါးရထိုင်စား နေကြတာ ကျုပ်အရမ်း ပီတိ ဖြစ်တာပဲ။ ဖန်ခါးသီးနဲ့ ဆင်တယ်လေ။ စားပြီး ရေသောက်လိုက်ရင် ချိုတိုတိုလေးကိုး။ ကျုပ်တို့ မျိုးရိုးတွေလည်း လူတွေနှိပ်စက်ကြလို့ ထင်းဖြစ်လိုက်၊ မီးသွေးဖြစ်လိုက် ဆိုတော့ ပြုန်းလှပါပြီ။ သိပ် မရှိတော့ဘူး။"
စာရေးဆရာဟာ ဝတ္ထုထဲမှာ လူသားတွေရဲ့ အတ္တလောဘ သဘာဝကို ပြောပြထားပါတယ်။ လူဆိုတာ အစုံစားသတ္တဝါဖြစ်တဲ့အတွက် ရေအောက်က သတ္တဝါကိုလည်းမရှောင်၊ မြေကြီးထဲ တွင်းအောင်းသတ္တဝါ တွေကိုလည်း ချမ်းသာမပေးဘဲ ဝါးဘိုးဝါးဆစ်ထဲမှာ ပျော်ပိုက်ရရှာတဲ့ ဝါးပိုးဖြူနုလေးတွေကိုတောင်မှ ရှာကြံ စားကြတဲ့အကြောင်းကို အသေးစိပ်ရေးဖွဲ့ပါတယ်။ ဒီနေရာမှာ ဆက်စပ်တွေးကြည့်စရာကတော့ လူတွေဟာ အစားအသောက် ဆင်းရဲကြလို့ပဲ အခုလို တွေ့မရှောင် စားသောက်လာကြတာလား၊ ရသတဏှာကြောင့်ပဲလား ဆိုတာပါ။ တကယ်တော့ ဒါဟာ လက်ရှိပြင်ပလောကထဲမှာ နိစ္စဓူဝဖြစ်ပျက်နေတဲ့ အဖြစ်အပျက် ရိုးရိုးလေးပါပဲ။ ဒါပေမဲ့ အဲဒီအဖြစ်အပျက် ရိုးရိုးလေးကိုပဲ စာရေးဆရာက အခုလို တင်ပြပါတယ်။
"တမြန်နှစ်တုန်းကများ မျှစ်လာချိုးတဲ့ လူတစ်ယောက်ကို တောဝက်က ပြေးပြီး ပက်လိုက်တာ သူ့ အဖော်တွေ အရောက်မြန်လာလို့သာပါလား။ အဲဒါ မျှစ် တွေအစား သူတို့လူကိုပဲ ထမ်းပြန် သွားကြရ တာ။ သေလား၊ ရှင်လား မသိရတော့ဘူး။"
အဲဒီအခါစားရေးသောက်ရေးအတွက် တောထဲမှာ အန္တရာယ်နဲ့ရင်း၊ အသက်နဲ့ရင်း၊ နေကြရတဲ့ လူတွေရဲ့ သရုပ် ကို ဘဝအသိနဲ့ ယှဉ်ပြီး ခံစားရစေပါတယ်။ ဒါကလည်း ရသရဲ့ သဘော၊ သဘာဝ ဖြစ်ပါတယ်။

စာရေးဆရာက တောတောင်သဘာဝအလှကိုပြရင်း တောတောင်ထဲမှာပဲ ရှိနေတတ်သေးတဲ့ အန္တရာယ်နဲ့ အနိဋ္ဌာရုံကိုလည်း ပြပါတယ်။ ဒီလို အေးချမ်း ဆိတ်ငြိမ်နေတဲ့ တောတွင်းပတ်ဝန်းကျင်လေးကိုမှ အနိဋ္ဌာရုံတွ ပွက်လောရိုက်သွားအောင် ရောက်လာတာကတော့ တောကောင်ကျားကြီးပဲ ဖြစ်ပါတယ်။ တနေ့တော့ အဲဒီတောကောင်ကျားကြီးနဲ့ အဲဒီတောကြီးထဲကို သားပျောက်ရှာရင်း တောထဲရောက်လာတယ်လို့ ယူဆရတဲ့ ကျွဲမကြီးတို့ ရင်ဆိုင်တွေ့ရာက မထင်မှတ်ဘဲ ကျွဲမကြီး ချိုဖျားမှာ ကျားကြီး ရဲ့အသက်ပါသွာပြီး ကျွဲမကြီးက အနိုင်ရသွားတာ၊ ကျွဲမကြီးက ကျားကြီးသေသွားပေမဲ့ သေမှန်းမသိတဲ့အတွက် ဆက်ဆက်ပြီး ခတ်နေတာကြောင့် နောက်ဆုံး ကျွဲမကြီးပါ အသက်ဆုံးပါးသွားရပုံတွေကို စာရေးဆရာက အသေးစိတ်ရေးဖွဲ့ထားပါတယ်။ ဒီနေရာ မှာ စာရေးဆရာက စာဖတ်သူကို တွေးစရာလေးတခု ပေးထားပါတယ်။
"အချိန်အခါနဲ့ နေရာ ဆိုတာ အမှန်တရားကို ပြောင်းပြန် လှန်ပစ်နိုင်သလား ဆိုတာတော့ အသိဥာဏ် ရင့်သန်တယ် ဆိုတဲ့ လူတွေ ဆင်ခြင် ကြည့်ကြပါလိမ့်မယ်"
ရသစာပေဟာ အဲလို ခံစားတွေးတောစရာတခုခုကိုလည်း ချန်ရစ်ခဲ့တတ်ပါတယ်။ ဒီဝတ္ထုကို ဖတ်ထားတဲ့ စာဖတ် ပရိသတ်လူငယ်လေးတယောက်ကတော့ သူ့အမြင်ကို ခုလိုပြောပါတယ်။
"အောင်ပွဲတခုဆိုတာပေါ့၊ မကျဆုံးရင် မပြီးဆုံးသေးဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးလည်း ပါတာပေါ့။ ရန်သူနဲ့ ပတ်သက်ပြီး ကိုယ့်အပေါ်ကိုလည်း ရန်သူကျဆုံးသွားသည့်တိုင်အောင် သူ့ရဲ့ ပယောဂ ကြောင့် ကိုယ့်ကို ထိခိုက်နိုင်တယ် ဆိုတာမျိုးကို သူရေးချင်တယ် ထင်ပါတယ်။ သက်သေ အထင်အရှားနဲ့ ပရိသတ်ပုံအလယ်မှာ မဖြစ်ဘူးဆိုရင် အောင်ပွဲမမည်ဘူးဆိုတဲ့ အဓိပ္ပါယ် ကိုလည်း သူက ရေးထားသေးတယ်။ အဲဒါလေးလည်း တွေးစရာပေါ့။ နောက်တခုက တိရစ္ဆာန် တကောင်ရဲ့ စဉ်းစားဥာဏ်ဟာ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို အလျော်အစားအဖြစ် ပေးဆပ်ရမယ်တဲ့.. ဒါဟာ….. အတွေးအခေါ်ရှိသင့်တယ်လို့လည်း ထင်ပါတယ်။ နောက်ထပ် အရေးအသားဟာ အဲဒီတခုဟာ နည်းနည်းစဉ်းစားရတယ်။ လူမသိဘဲ ပရိသတ်အလယ်မှာ မရှိတဲ့ နေရာအမှား ကြောင့် ဖြစ်နိုင်တယ်။ မင်္ဂလာတရားတော်မှာလည်း ရှိတယ်။ သင့်တင့် လျှောက်ပတ်တဲ့ နေရာမှာ နေပါဆိုတာ။ အဲဒါမျိုးလေးကိုလည်း သူက ရေးချင်တယ်လို့ ထင်ပါတယ်။"
အချုပ်ပြောရရင် စာရေးဆရာ ပန်းရေဂျိုး- မိုးကုတ်ရဲ့ ဗလာကျင်းတိမ်မျှင်ဝတ္ထုတိုလေးဟာ ရသခံစားမှုနဲ့အတူ ဘ၀အသိ ဘ၀သတိတွေကိုပါပေးတဲ့ ၀တ္ထုတိုလေးအဖြစ် ဖတ်သင့်ကြောင်းပါ။

၅ မတ်လ ၀၉။
(၆မိနစ်ပဲ ရတဲ့ အချိန်လေးအတွင်း ရအောင် ပြောရတာမို့ အားမရလှပါ.. နောက်အပုဒ်တွေမှာ ပိုကြိုးစားပါဦး မယ်)



3 comments:

  1. မိုက်တယ် အစ်မ။ ဖတ်လို့ကောင်းလိုက်တာ။
    နားထောင်လို့ ကောင်းတယ် ..၂ ခုလုံးလေ။

    ReplyDelete
  2. ဒုက္ခ comment ရေး မရကြဘူးတဲ့.. ဘာဖြစ်ပါလိမ့်...

    ReplyDelete
  3. အမရေ- ခုမှ မျက်နှာဘုတ်အုပ်ကြီးမှာ လင့်တင်ထားတာ တွေ့လို့ လိုက်လာတာ.. ပြောလဲ ပြောဘူး။
    ဖွင့်ဖွင့်ချင်း..အသံတွေ ထပ်နေတယ်..တခုချင်း ကလစ်မှ အိုကေတယ်..

    ReplyDelete